ကိုဗစ်ကာလဖြစ်တဲ့အတွက် အခုလိုလူစုလူဝေးမလုပ်တာကတော့ အကောင်းဆုံးလို့ပြောပါတယ်။
NLD ပါတီထောက်ခံဝန်းရံသူတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ နိုဝင်ဘာ၈ရက်နေ့ကစတင်ပြီး နိုဝင်ဘာ၉ရက်နေ့ညပိုင်းအထိ နှစ်ရက်ဆက်တိုက်လမ်းပေါ်ထွက်အောင်ပွဲခံမှုတွေရှိနေပြီးဝေဖန်မှုအချို့ရှိနေကြပေမယ့် ပါတီခေါင်းဆောင်တွေကတော့ ဒီလိုဖြစ်စဉ်က ရွေးကောက်ပွဲရဲ့သဘောသဘာဝဖြစ်လို့ နားလည်ပေးနိုင်တယ်လို့ဆိုကြပါတယ်။

၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောင်ပွဲရဲ့ရေတွက်ပြီးမဲရလဒ်တွေအရနေရာအများစုမှာ NLD ပါတီကအနိုင်ရရှိနေတာဖြစ်လို့ ပါတီကို အားပေးထောက်ခံတဲ့သူတွေအနေနဲ့ မြို့နယ်အသီးသီးမှာအောင်ပွဲခံမှုတွေကိုပြုလုပ်နေကြတာပါ။ေ အာင်ပွဲခံကြရာမှာ လူရာချီ၊ ထောင်ချီလောက်က NLD ပါတီရုံးတွေရှေ့မှာ ပါတီအကျီတွေဝတ်ဆင်ပြီး၊ပါတီအလံတွေကို ဝှေ့ယမ်းကာ တေးသီချင်းတွေနဲ့ သီဆိုကခုန်ခဲ့ကြတာပါ။

“ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ကိုယ့်ရဲ့ဆန္ဒကိုဖော်ထုတ်ချင်ကြသလို ရွေးကောက်ပွဲပြီးတဲ့အခါမှာလည်း လူစုလူဝေးနဲ့ ရွေးကောက်ပွဲရလဒ်တွေကို နားထောင်ချင်ကြတယ်။ ကျွန်မတို့အနေနဲ့ ကျန်းမာရေးအခြေအနေအရ လူစုလူဝေးလုပ်ခြင်းကို ရှောင်ကြဉ်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ လိုက်နာမှုရှိခဲ့သလို လူစုလူဝေးဖြစ်ခဲ့တဲ့ ကိစ္စလေးတွေလည်းရှိပါတယ်။ ဒါကတော့ မလွဲမရှောင်သာဘူးလို့ပဲ ကျွန်မတို့ ကြည့်ရပါတယ်။ ရွေးကောက်ပွဲကာလမှာ ဒီလောက်ဖြစ်တယ်ဆိုတာကတော့ သိပ်ပြီးတော့ အံ့အားသင့်စရာအကြောင်းမရှိဘူး”လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေကို တင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 



ပါတီကိုအားပေးထောက်ခံသူတွေအနေနဲ့ အခုလို ပါတီကအနိုင်ရရှိခဲ့တယ်ဆိုတဲ့အခါမှာ သူတို့ရဲ့ ဆန္ဒတွေပြည့်သွားတဲ့အတွက် သူတို့ ရဲ့ ပျော်ရွှင်မှုကို ထိန်းချုပ်ဖို့ကတော့ ခက်တယ်လို့ လည်း NLDပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ 

“ ပြည်သူတွေအနေနဲ့က ပါတီအပေါ်မှာ အင်မတန်မျှော်လင့်ချက်ကြီးတယ်။ ရင်နဲ့အမျှခံစားခဲ့ရတော့ ဒီခံစားချက်တွေကို အတင်းထိန်းချုပ်ဖို့ဆိုတာခက်ခဲပါတယ်။ အောင်ပွဲခံကြတဲ့အပေါ်မှာ ဘာမှမပြောလိုပေမယ့် ကျန်းမာရေးရှိတဲ့အတွက် ဒီမှာပဲ ရပ်တန်းကရပ်ရင်အကောင်းဆုံးဖြစ်မှာပါ”လို့ ဒေါက်တာမျိုးညွန့်ပြောပါတယ်။ 

လက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သက်ဆိုင်ရာ မြို့နယ်တွေအလိုက် မဲရလဒ်တွေကို ရေတွက်နေဆဲဖြစ်ပြီး ရေတွက်ပြီးတဲ့အနေအထားထိတော့ NLD ပါတီအနေနဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူတွေအနေနဲ့ ကိုယ့်မြို့နယ်အလိုက် NLD အနိုင်ရရှိခဲ့တာကြောင့် ပါတီရုံးရှေ့တွေမှာ အောင်ပွဲခံမှုတွေကို ပြုလုပ်နေခဲ့ကြတာပါ။



က္က