လက်ရှိမှာ NLD ပါတီအနေနဲ့ အစိုးရဖွဲ့နိုင်တဲ့ နေရာထက် ကျော်လွန်နေပါပြီ။
Ei Ei Htun

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မဲဆန္ဒနယ်အားလုံးရဲ့ ရလဒ်တွေကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေမယ့်လည်း လက်ရှိအချိန်ထိရေတွက်ပြီး မဲရလဒ်တွေအရ NLD ပါတီရဲ့မဲရရှိမှုနှုန်းက၂၀၁၅ ရွေးကောက်ပွဲထက်မြင့်တက်ခဲ့တယ်လို့ NLDပါတီအောင်နိုင်ရေးအဖွဲ့တွေကနေတဆင့်သိရပါတယ်။ 

NLD ပါတီအနေနဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော် (၃၂၂)နေရာရှိဖို့လိုအပ်ပြီး လက်ရှိအချိန်မှာ အဆိုပါ (၃၂၂)နေရာထက်ကိုပိုပြီး (၃၉၀)ကျော်အထိအနိုင်ရရှိထားပြီဖြစ်တယ်လို့လည်းသတင်းရရှိပါတယ်။ ဒါကြောင့် ပါတီအနေနဲ့ လာမယ့်အစိုးရ (၅)နှစ်သက်တမ်းမှာလည်း အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်မှာ ဖြစ်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Duwun ကိုပြောပါတယ်။ 

“ ကျွန်တော်တို့ သိထားတဲ့ ကနဦး အချက်အလက်တွေအရ အစိုးရဖွဲ့နိုင်တဲ့ ပမာဏထက်ကို ကျော်လွန်နေပြီလို့ သိရပါတယ်။ ဒီနှစ်ရဲ့ ရလဒ်က ၂၀၁၅ ရွေးကောက်ပွဲရလဒ်ထက်ကို အများကြီးကောင်းပါတယ်။ ပြောရမယ်ဆိုရင် ပါတီကို အားပေးထောက်ခံသူ ပိုများလာတယ်လို့ ပြောရမှာပါ။ ပြည်သူတွေ အားပေးထောက်ခံမှု များလားတဲ့အမျှ ကျွန်တော်တို့အနေနဲ့ကလည်း လာမယ့်(၅)နှစ်သက်တမ်းမှာ ပြီးခဲ့တဲ့ (၅)နှစ်သက်တမ်းတဲ့ ပိုကောင်းမွန်တဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ပဲလိုပါတယ်” လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲရလဒ်တွေကို မနေ့က နိုဝင်ဘာလ(၉)ရက်နေ့ကစပြီး ကြေညာခဲ့ရာမှာ လက်ရှိကြေညာပြီးတဲ့အထိ နေရာအားလုံးမှာတော့ NLD ပါတီကိုယ်စားလှယ်လောင်းတွေသာ အနိုင်ရရှိထားတာဖြစ်ပါတယ်။ 

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခြင်းမရှိသေးတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေက ပါတီတွေရဲ့ မဲရလဒ်တွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ အသိပေးတင်ပြလျှက်ရှိတာကြောင့် NLD ပါတီရဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်တွေကို သိရှိခဲ့ရတာဖြစ်ပါတယ်။ 

NLD ပါတီအနေနဲ့ အဓိကနေရာတွေဖြစ်တဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာလည်း နေရာအားလုံးနီးပါးအနိုင်ရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။



Author


က္က