Ei Ei Mar

အခြေခံလူတန်းစားတွေအတွက် အိမ်ထောင်စုတစ်စုကို အစိုးရက ငွေကျပ် ၄၀,၀၀၀ နှုန်း ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းထဲက အခြေခံ လူတန်းစားတွေကို ယခုတစ်ပတ်အတွင်း တစ်အိမ်ထောင်ကို ၄၀,၀၀၀ ကျပ် ထောက်ပံ့ဖို့ ဆောင်ရွက်နေတယ်လို့ မင်္ဂလာတောင်ညွှန် မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ဝင်းကပြောပါတယ်။

“အခြေခံလူတန်းစားဆိုတာ အစိုးရကလည်း ပထမအကြိမ်ကတည်းက ဘယ်လိုဆိုတာမျိုးက အခြေခံလူတန်းစားဖြစ်တယ်ဆိုတာမျိုး အချက်လေးတွေထုတ်ပြီးတော့ပြောထားတာရှိတယ်။အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့ စာရင်းကောက်ထားတယ်။ အဲ့ဒီအခြေခံလူတန်းစား ဥပမာ လက်လုပ်လက်စား၊ခေါင်းရွက်ဗျက်ထိုးဈေးသည်၊ ပုံမှန်ဝင်ငွေမရှိတဲ့သူတွေ၊အိမ်ထောင်စုကို ပုံမှန်ဝင်ငွေနဲ့ကျွေးမွေးထောက်ပံ့နိုင်ခြင်းရှိတဲ့သူတွေကို ျကျွန်တော်တို့ကရွေးချယ်ပြီးတော့ပေးတာပါ။ အခုပဲလုပ်နေပါပြီ။ညွှန်ကြားစာဝင်လာလို့ ငွေထုတ်ကြ ရေတွက်ကြ၊ လူစာရင်းတွေစိစစ်ကြလုပ်နေကြပြီ။ ဒီတစ်ပတ်အတွင်း ပြည်သူလက်ထဲရောက်ဖို့ရှိပါတယ်။”လို့ ဦးအောင်ဝင်းကပြောပါတယ်။

ပုံမှန်ဝင်ငွေမရှိိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ထောက်ပံ့ခြင်းဖြစ်ပြီး အခုတစ်ကြိမ်ထောက်ပံ့မယ့် ၄၀,၀၀၀ ကျပ်နှုန်းမှာတော့ အိမ်ထောင်စုစာရင်းတွေ ထပ်တိုးပေးဖို့ရှိတယ်လို့လည်း သိရပါတယ်။

ထောက်ပံ့ကြေးတွေ ပေးတဲ့အခါ ကိုဗစ်ကာလနဲ့အညီ လူစုလူဝေးမဖြစ်အောင်စီမံပြီး လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

“သေချာပါတယ်။ ဌာနဆိုင်ရာတွေပေါင်းစပ်ပြီးတော့ဖြန့်ဝေသွားမှာဖြစ်ပါတယ်။ မိသားစုတိုင်းတော့မဟုတ်ပါဘူး အခြေခံမိသားစုတွေပါပဲ။ အရင်တစ်ခါဝေတဲ့ မိသားစုတွေထက်ပိုရမှာပါခင်ဗျ ။ သန်ဘက်ခါလောက်စနိုင်ဖို့လုပ်နေတယ်။”လို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းကပြောပါတယ်။

မန္တလေးတိုင်းထဲက နေရာတချို့မှာတော့ အခြေခံလူတန်းစားတွေအတွက် တစ်အိမ်ထောင်စုကို ၄၀,၀၀၀ ကျပ်အစီအစဉ်ကိုစတင်ထောက်ပံ့မှုတွေရှိနေပြီဖြစ်ပါတယ်။ ကျန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့ ထောက်ပံ့မှုတွေ ပေးအပ်မှုမရှိသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

အစိုးရက ယခုကိုဗစ်-၁၉ ကာလအတွင်းမှာ အခြေခံလူတန်းစားတွေကို ပထမအကြိမ် ထောက်ပံ့မှုအဖြစ် ရိံက္ခာငါးမျိုးကို လူဦးရေ ၅ ဒသမ ၃ သန်းထိဖြန့်ဝေပေးခဲ့သလို ဒုတိယအကြိမ်မှာလည်း အိမ်ထောင်စု တစ်စုကို ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းကျော်၊ တတိယအကြိမ် မှာလည်း တစ်အိမ်ထောင်ကို ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၅ ဒသမ ၆ သန်းကျော်ကို ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က