ကိုဗစ်-၁၉ ရောဂါပြန့်ပွားနိုင်တဲ့ အန္တရာယ်ကြီးမားနိုင်တာကြောင့် မလိုက်နာသူတွေကို အရေးယူမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ (၈) ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပပြီးစီးသွားပြီဖြစ်ပေမယ့် လူစုလူဝေးတွေ ပြုလုပ်နေတာကို တွေ့ရတာကြောင့် ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့ ပျက်ကွက်ပါက ဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အနိုင်ရတဲ့အထိမ်းအမှတ်အဖြစ် ပါတီဝန်းရံသူတွေ လူစုလူဝေးနဲ့ အောင်ပွဲခံနေကြမှုတွေ ပြုလုပ်နေချိန်မှာပဲ အခုလို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့ နိုဝင်ဘာ (၁၀) ရက် ညပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုချိန်က ကိုဗစ်-၁၉ ရောဂါပြန့်ပွားနိုင်တဲ့ အန္တရာယ်ကြီးမားနိုင်တာကြောင့် မလိုက်နာသူတွေကို အရေးယူမယ်လို့ ဆိုပါတယ်။



ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ည ရန်ကုန် NLD ရုံးချုပ်ရှေ့တွင် အောင်ပွဲခံနေသော ဝန်းရံသူလူအုပ်ကြီးအား တွေ့ရစဥ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့စပ်လျဉ်းပြီး စုဝေးခြင်းမပြုဖို့ ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေမှာ ဖော်ပြထားတဲ့ ကိစ္စတွေက လွဲပြီး လူ (၃၀) ဦးထက်ပို မစုဖို့ ပြင်ဆင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ ရွေးကောက်ပွဲကျင်းပပြီးစီးပေမယ့် လူစုလူဝေးတွေ ပြုလုပ်တာတွေကို တွေ့နေရတာကြောင့်လည်း အခုလို ထုတ်ပြန်ရတာလည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ (၈) ရက်မှာ Stay at Home နေထိုင်ရတဲ့မြို့နယ်တွေက ပြည်သူတွေ မဲသွားပေးနိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားပြီး အဆိုပါ ကြေညာချက်က ရွေးကောက်ပွဲနေ့အတွက်သာ ခွင့်ပြုထားတာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒီနေ့ နိုဝင်ဘာ (၁၀) ရက် ည (၈) နာရီအထိ တစ်နိုင်ငံလုံးမှာ ကိုဗစ်-၁၉ ဖြစ်ပွားသူ ၆၃,၂၄၁ ဦးရှိပြီး သေဆုံးသူက ၁,၄၆၁ ဦးရှိနေကာ ဆေးရုံဆင်းခွင့်ရသူက ၄၇,၄၁၁ ဦးရှိနေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က