ဓားနဲ့ဝင်ရောက်ခုတ်ခဲ့သူဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်

၂၀၂၀ရွေးကောက်ပွဲမှာ NLD အသာရနေတဲ့အထိမ်းအမှတ်အဖြစ်အောင်ပွဲခံပြီး သီချင်းဆိုနေတဲ့ ပဲခူးမြို့မှ နေအိမ်တစ်အိမ်ကို ဓားနဲ့ဝင်ခုတ်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဓားနဲ့အခုတ်ခံရသူနဲ့ ဓားနဲ့ဝင်ရောက်ခုတ်သူတို့ဟာ ပဲခူး၊အမှတ် ၃ ရဲစခန်းမှာအချင်းချင်း အပြန်အလှန် အမှုဖွင့်တိုင်တန်းထားတယ်လို့ သိရပါတယ်။

“ဟေ့ကောင်တွေ မင်းတို့ နေ့ ရောညရော မင်းတို့ဖွင့်နေတာငါနားငြီးတယ်။ မင်းတို့က မင်းတို့နိုင်တယ်ဆိုပြီး ဖွင့်နေတာငါသည်းညည်းမခံနိုင်ဘူးဆိုပြီးဓားနဲ့စိန်ခေါ်ခုတ်တာ။ ခုတ်တာက ဝတုတ်ကိုစိန်ခေါ်ထုတ်တာ။အဲ့ဒါမှာကျွန်မတို့အိမ်ရှေ့မှာ အောင်ပွဲခံသီချင်းဆိုနေတဲ့ကလေး တွေ ၅ ယောက်ရှိပါတယ်။အဲ့မှာ ကိုခင်စိုးက ဖြစ်မှာစိုးလို့ မင်းအပိုင်းသားအချင်းချင်းကွာဆိုပြီး ပြောတာကို သူက ဓားနဲ့ဆွဲပြီးခုတ်တာ။ ခုတ်ခံရသူက လက်ထိသွားတယ်။ ကျမအိမ်ရှေ့ ခြံဝန်းထဲမှာ ခုတ်တာပါ။ ရှောက်ပင်ရပ်ကွက် ၊ ရပ်ကွက်ကြီး ၇ ပါ”လို့ NLD နိုင်တဲ့အထိမ်းအမှတ်အောင်ပွဲပြုလုပ်နေတဲ့ နေအိမ်မှ ဒေါ်ဌေးက ပြောပြပါတယ်။



Photo Than win Naing

ဖြစ်စဉ်မှာ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ ပဲခူးမြို့ ရပ်ကွက်ကြီး (၇) က နေအိမ်တစ်ခုမှာ NLD အနိုင်ရရှိတဲ့အထိမ်းအမှတ်အဖြစ်သီချင်းဖွင့်သီဆိုနေစဉ် တစ်ရပ်ကွက်ထဲနေထိုင်သူ ဝင်းလွင်ဦးဆိုသူရောက်လာပြီး စကားများရာမှ ကြားဝင်ဖြန်ဖြေပြောဆိုခဲ့တဲ့ ဦးခင်စိုး ဆိုသူကိုဓားဖြင့်ခုတ်မိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

“မင်းတို့ သီချင်းဖွင့်တာငါမကျေနပ်ဘူးလို့ပြောတာ။ အဲ့ဒါနဲ့ကျွန်တော်ကအဲ့လိုမလုပ်ပါနဲ့သူငယ်ချင်းရာလို့ပြောတော့ သူကအိမ်ထဲအထိ လိုက်ခုတ်တာ။ ဖြစ်တော့ခြံဝန်းထဲမှာဖြစ်တာ။သူ့အပြင် သူ့သားတွေပါတယ်။”လို့ ဓားနဲ့အခုတ်ခံရသူ ဦးခင်စိုးကပြောပါတယ်။ ဓားနဲ့ဝင်ရောက်ခုတ်ခဲ့သူဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က