အဆိုပါကျေးရွာကို နိုဝင်ဘာလ ၁၀ ရက်နေ့ညကတည်းက အသွားအလာကန့်သတ်ထားပါတယ်။

မကွေးမြို့နယ် ယင်းမာတောကျေးရွာ မဲရုံတာဝန်ကျပိုးတွေ့ဆရာမနဲ့ ထိတွေ့မှုရှိသူ(၂၃)ဦးကို ယနေ့ နိုဝင်ဘာ ၁၁ရက်နေ့တွင် RDT ဖြင့် စစ်ဆေးခဲ့ရာ မဲရုံမှူးဆရာမကြီးတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။



"ယင်းမာတောကျေးရွာက မဲရုံးမှူးဖြစ်တဲ့အသက် ၄၂နှစ်အရွယ်ဆရာမတစ်ဦးမှာ ပိုးတွေ့ပါတယ်၊ စစ်တာက (၂၃)ဦးပေါ့၊ မဲရုံမှာထိတွေ့တာက (၉)ဦးရယ် အခြားမှာထိတွေ့ခဲ့တဲ့(၁၄)ဦးကို RDTနဲ့ စစ်ဆေးခဲ့တာပါ"လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

 မကွေးမြို့နယ် ယင်းမာတောကျေးရွာ မဲရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည့်အဖွဲ့ဝင် ဆရာမတွင် ပြီးခဲ့တဲ့နိုဝင်ဘာ ၁၀ရက်နေ့ ညနေပိုင်းက Covid-19ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် ထိတွေ့ခဲ့သူ (၂၃)ဦးအား Swab ယူကာ မကွေးတိုင်းဆေးရုံတွင် RDT နဲ့ စစ်ဆေးခဲ့ရာ မဲရုံမှူးတာဝန်ကျဆရာမ(၁)ဦးသာ ပိုးတွေ့ရှိပြီး ကျန်(၂၂)ဦးမှာ ပိုးမတွေ့ရှိလို့ ဒေါက်တာခင်မောင်သန်းက ရှင်းပြပါတယ်။

  "အခုပိုးတွေ့တဲ့ ဆရာမကို တိုင်းပြည်သူ့ဆေးရုံကြီးကို ပို့ပြီးကုသပေးမှာပါ၊ ကျွန်တော်ပြောချင်တာက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေ အတိအကျလိုက်နာကြပါ၊ လူစုလူဝေးရှိရာကို ရှောင်ပါ၊ အပြင်ထွက်ရင် Maskတပ်ပါ၊ အိမ်ရောက်ရင်လက်ဆေးဖို့ ပြောချင်ပါတယ်" လို့ ဒေါက်တာခင်မောင်သန်းက ဆိုပါတယ်။

မကွေးမြို့နယ် ယင်းမာတောကျေးရွာကို နိုဝင်ဘာ(၁၀)ရက်နေ့ ည(၈)နာရီချိန်မှာ စတင်ပြီး အသွားအလာကန့်သတ်ထားကြောင်း မကွေးမြို့နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မကွေးပို့စ်မှ ပေးပို့သော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က