ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရောက်လာသူတွေကိုတော့ ကိုဗစ်ပိုးရှိမရှိကို Test Kit နဲ့စစ်ဆေးတာမျိုးမရှိဘူးလို့ သိရပါတယ်။
Ei Ei Mar

ရန်ကုန်မှာ NLD ပါတီ အောင်ပွဲခံရင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုရောက်ရှိလာတဲ့ လူ ၄ ယောက်မှာ ကိုဗစ် ပိုးတွေ့ရှိခဲ့တယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာ သတင်းတွေ့ပျံ့နှံ့မှုဖြစ်ပေါ်နေပါတယ်။

ဒီကိစ္စ နဲ့ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနမှပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးကတော့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဆေးရုံကို လူ ၄ ယောက် ရောက်ရှိလာပြီး ကိုဗစ်ပိုးတွေ့တဲ့ သတင်းမှာမှန်ကန်ပေမယ့် အောင်ပွဲခံခဲ့သူတွေဟုတ်မဟုတ်ကိုတော့ မသိရှိထားဘူးလို့ ဆိုပါတယ်။

" အောင်ပွဲခံတဲ့လူတွေနဲ့ဆိုင်မဆိုင်ဆိုတာကို မသိရဘူးဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ အရေးပေါ်ဌာနမှာ သူတို့က အဲဒီလိုမပြောသွားဘူး။၄ ယောက်လာတယ် ပိုးတွေ့တယ်ဆိုတဲ့ ဖြစ်စဉ်တော့ရှိတယ်။သူတို့ကို ခွဲစိတ်ရမှာမို့လို့ စစ်လိုက်တာကနေ ပိုးတွေ့တာလို့သိရတယ်။ အဲဒီထဲက လူတွေဆိုတာတော့ မသိလိုက်ဘူး"လို့ ပါမောက္ခဒေါက်တာမော်မော်ဦးကပြောပါတယ်။ အဆိုပါ ၄ ယောက်နဲ့ ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းတွေကို ပိုးကူးစက်တာလည်းမရှိသလို ၊ ကွာရန်တင်းဝင်ရတာမျိုးလည်းမရှိဘူးလို့သိရပါတယ်။

" PPE ဝတ်စုံနဲ့ စမ်းသပ်စစ်ဆေးတာဖြစ်တယ်။ အဲဒီတော့ ကွာရန်တင်း ဝင်စရာမလိုဘူး။ သိချင်ရင် ဆေးရုံတက်နေတဲ့အချိန်မှာ လိုက်မေးမှပဲရတော့မယ်။ဆေးရုံလာတက်တဲ့အချိန် ဘာမှမပြောတဲ့အတွက်မသိရတာပေါ့"လို့ ထပ်မံပြောပြပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာရောက်ကုသမှုခံယူသူတွေထဲမှာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရောက်လာသူတွေကိုတော့ ကိုဗစ်ပိုးရှိမရှိကို Test Kit နဲ့စစ်ဆေးတာမျိုးမရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာ ရွေးကောက်ပွဲလည်း ပြီးဆုံးသွားပြီ ဖြစ်သလို ရန်ကုန်ရဲ့stay home သတ်မှတ်ကာလသည်လည်း ပယ်ဖျက်ထားခြင်းမရှိတာကြောင့် မလိုအပ်ဘဲ နေအိမ်ပြင်ပကို မထွက်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


Author


က္က