နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ကိုဗစ်ရောဂါအတည်ပြုလူနာ ၁၉၂၁ ဦးအထိရှိနေပြီး အဲဒီအထဲမှာသေဆုံးသူ ၁၇ ဦးအထိရှိခဲ့ပါတယ်။
Minn Nandar

မန္တလေးခရိုင်အတွင်းက ကွာရန်တင်းစင်တာတွေမှာ လူပြည့်သွားပြီဖြစ်လို့မို့ မနေ့ကညနေပိုင်းကစလို့ လူသစ်လက်မခံနိုင်တော့တဲ့ အခြေအနေဖြစ်သွားပြီလို့ မြို့ခံပရဟိတအသင်းတွေဆီကနေသိရပါတယ်။

“မနေ့ကညနေပိုင်းက ကွာရန်တင်းစင်တာတွေမှာလူပြည့်သွားတဲ့အထိဖြစ်ခဲ့တာပါ၊ အဆင်းမရှိပဲ ထပ်ထပ်တိုးလာတော့ လူပြည့်သွားတာပါ၊ တချို့လည်း လူသစ်လက်မခံနိုင်တော့ဘူးဆိုတော့ အစ်ကိုတို့လည်းလုပ်ရကိုင်တာအခက်အခဲတချို့ဖြစ်ခဲ့တာပါ” လု့ိ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ချမ်းအေးသာစံမြို့နယ်) မှဦးဝင်းနိုင်ကပြောပါတယ်။ ဒီအတွက်လည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့မနက်ပိုင်းကစလို့ စာသင်ကျောင်းတွေကို ယာယီကွာရန်တင်းစင်တောတွေအဖြစ် ပြင်ဆင် ဆောင်ရွက်ပေးသွားဖို့စီစဉ်နေတယ်လို့သိရပြီး ဒါနဲ့ပတ်သက်လို့ တိုင်းဒေသကြီး Covid-19 ရောဂါဆိုင်ရာ သတင်းမှန်ပြန်ကြားရေးနှင့် သတင်းမှားဖြန့်ဝေသူ များရှာဖွေဖော်ထုတ်သတင်းစောင့်ကြည့်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းပန်းဆိုင်က “လောလောဆယ် က ပိုးတွေ့တွေရော၊ ထိစပ်တွေရောမြင့်တက်နေတာဆိုတော့ လက်ရှိ Quarantine Center တွေမှာထိစပ်တွေနဲ့ပြည့်နေပြီ၊ ထပ်ထားလို့မရတော့ဘူးဖြစ်နေတယ်၊ ဒါကြောင့်မို့လို့ မြို့နယ်တွေမှာရှိတဲ့စာသင်ကျောင်းတွေမှာ ဖွင့်ဖို့စီစဉ်တာပါ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြို့နုယ်တချို့ကစာသင်ကျောင်းတွေမှာစတင်ပြင်ဆင်ဆောင်ရွက်နေပြီလို့သိရပြီး မန္တလေးခရိုင်အတွင်းက မြို့နယ် ၇ ခုစလုံးမှာ တစ်မြို့နယ်မှာစာသင်ကျောင်းတစ်ကျောင်း ကွာရန်တင်းစင်တာတစ်ခုပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဝန်ကြီးကဆိုပါတယ်။ မန္တလေးခရိုင်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ကိုဗစ်ရောဂါအတည်ပြုလူနာ ၁၉၂၁ ဦးအထိရှိနေပြီး အဲဒီအထဲမှာသေဆုံးသူ ၁၇ ဦးအထိရှိခဲ့တယ်လို့ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ကထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။


Author


က္က