ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့တာဝန်ယူဖြေရှင်းရမယ်လို့ ဆိုပါတယ်။

ဒီကနေ့ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါတီဘက်က တိုင်ကြားထားတဲ့ကိစ္စရပ်တွေကို ထုတ်ပြန်ခဲ့ရာမှာတော့ မသန်စွမ်းသူတစ်ဦးမဲပေးခဲ့မှုကို ကန့်ကွက်ကြောင်းပါဝင်ခဲ့ပါတယ်။ 

စစ္စရံကျေးရွာက စကားမပြောတတ်သူ ၊နားမကြားတဲ့ မသန်စွမ်းအမျိုးသမီးတစ်ဦးကို စာမတတ်သူလို့ ပြောဆိုသုံးနှုန်းခဲ့ပြီး အဆိုပါအမျိုးသမီးကို မဲပေးခွင့်ပြုခဲ့တာက တရားမျှတမှုမရှိဘူးဆိုပြီးထုတ်ပြန်ချက်မှာပါရှိပါတယ်။ အခုလို မသန်စွမ်းတစ်ဦးကို စာမတတ်သူလို့ပြောဆိုသုံးနှုန်းခဲ့တာနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တရားဝင်ပြန်လည်တောင်းပန်ရမယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းက Duwunကိုပြောပါတယ်။



“ ပြောတဲ့သူကတော့ ဘာရယ်မဟုတ်ဘူး ဆိုတဲ့စကားနဲ့တော့ ပြီးသွားလို့မရပါဘူး။ သူတို့ရဲ့ ဘာရယ်မဟုတ်ဘူးပြောလိုက်တဲ့စကားရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုကများတယ်။ ဆရာ၊ဆရာမတွေတုန်းကလည်း ပြောပြီး မှားသွားပါတယ်ဆိုတာမျိုးလုပ်သွားတာ။ ကျွန်တော်တို့ မသန်စွမ်းတွေလည်း မသန်စွမ်းအခွင့်အရေးဆိုတာရှိပြီးသားပါ။ မဲပေးခွင့်ရှိသူတွေလည်းရှိပါတယ်။ အခုလိုသူတို့ သုံးနှုန်းလိုက်တဲ့ စကားကို သူတို့တာဝန်ယူရပါမယ်။ ဒီစကားကို တရားဝင်ထုတ်ပြောထားသလို ပြန်တောင်းပန်တာမျိုးကိုလည်း တရားဝင်လုပ်ရပါမယ်”လို့ ဦးမြတ်သူဝင်းကပြောပါတယ်။

လက်ရှိမှာ မသန်စွမ်းအဖွဲ့အစည်းအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ညှိနှိုင်းဆောင်ရွက်နေပြီး လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ၂၀၂၀ဒီမိုကရေစီ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးမှာ မသန်စွမ်း မဲပေးခွင့်ရရှိသူ (၈၇,၀၀၀)ဦးရှိခဲ့ပါတယ်။ မဲပေးခွင့်ရရှိခဲ့သူတွေထဲက မဲပေးခဲ့တဲ့မသန်စွမ်းသူအရေအတွက်ကိုတော့ စာရင်းပြုစုနေဆဲဖြစ်တယ်လို့ သိရပါတယ်။ မသန်စွမ်းသူတွေမှာလည်း မဲပေးခွင့်ရတဲ့သူတွေရှိတာကြောင့် အခုလို ဆွံ့အနားမကြားတဲ့ မသန်စွမ်းအမျိုးသမီးမဲပေးခဲ့တာကလည်း တရားမျှတမှုမရှိစရာ မရှိဘူးလို့ ဦးမြတ်သူဝင်းကပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က