ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး စီမံချက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လူထုအကြား ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြတ်တောက်နိုင်ရန် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးစီမံချက် (Community Based Covid-19 Control Project- CCC) ေရးဆွဲဆောင်ရွက်ထားတယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောကြားလိုက်ပါတယ်။ 

အောက်တိုဘာ (၁၂) ရက်နေ့ ညပိုင်းက နိုင်ငံပိုင်မီဒီယာမှာ ထုတ်လွှင့်ခဲ့တဲ့ ကိုဗစ်-၁၉ အမေး၊အဖြေကဏ္ဍမှာ ပြောကြားစဉ် အခုလို ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။



အဆိုပါ ပြည်သူ့အခြေပြုစီမံချက်အရ ရောဂါဖြစ်ပွားသူတွေကို စောစောရှာဖွေကာ စောစောစစ်ဆေးပြီး စောစော ကုသမှုပေးနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ ဆောင်ရွက်ဖို့ ရှိတယ်လို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။

“ C သုံးလုံးပရောဂျက်တစ်ခုကို ရေးဆွဲထားပါတယ်။ ပြည်သူလူထုအကြားရောဂါကူးစက်မှုကို ဖြတ်တောက်ဖို့ အကောင်းဆုံးနည်းလမ်းပါ။ အဲဒီ C သုံးလုံးပရောဂျက်မှာ ဘာတွေလုပ်ကြမလဲဆိုတော့ T သုံးလုံးလုပ်ကြမယ်။ Tသုံးလုံးဆိုတာ ပထမ Tတစ်ခုက tracing ပေ့ါ။ စောစောရှာမယ်။ နောက်T တစ်လုံးက testing စောစောစီးစီးစစ်ဆေးမယ်။ နောက် T တစ်လုံးက treatment စောစောစီးစီးကုသမယ်။ အရည်အသွေး ပြည့်ဝတဲ့ ကုသမှုရအောင်ပေါ့။ ဒါကို ပြည်သူလူထုကြားထဲ အရှိန်မြှင့်ဆောင်ရွက်ပါမယ်" လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ထွန်းမြင့်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကြောင့် စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိသွားသူတွေက စောစောစီးစီးကုသမှုမခံယူရတာကြောင့် ဖြစ်ပြီး အဲဒီလူနာတွေအနေနဲ့ အိမ်မှာနေပြီး ဘယ်လိုနေရာတွေကို သွားရမှန်းမသိ၊ ဘယ်ကိုသတင်းပို့ရမှန်းမသိ ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် လူကိုယ်တိုင် မသွားရဘဲ တယ်လီဖုန်းဆက်ရုံနဲ့ သတင်းပေးပို့နိုင်တဲ့စနစ်တစ်ခု တည်ထောင်မှာဖြစ်ပြီး ရပ်ကွက်အလိုက် အရေးပေါ်ဖုန်းနံပါတ်တွေ ထားရှိပေးသွားမှာဖြစ်ကာ သတင်းရတာနဲ့ အမျှ စောင့်ကြည့်ရေးအဖွဲ့တွေက သတင်းပေးပို့တဲ့သူဆီကို သွားနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့လည်းသိရပါတယ်။

အဲဒီ စောင့်ကြည့်ရေးအဖွဲ့မှာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ရာအိမ်မှူး ၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း တွေပါဝင်ပြီး စောင့်ကြည့်ရေးအဖွဲ့ကနေ သတင်းပို့သူကို ရောဂါစစ်ဆေးပေးမည့်နေရာကို ခေါ်ဆောင်သွားကြရမယ်လို့ ဆိုပါတယ်။

“ စစ်ဆေးမယ့်နေရာကို ခေါ်သွားမယ်။ အဲဒီမှာ Test Kit တွေနဲ့ စစ်ဆေးမယ်။ စစ်ဆေးပြီး ပိုးတွေ့တယ်ဆိုရင် ကုသရေးစင်တာတွေကို ပို့မယ်။ ရောဂါလက္ခဏာရှိတယ်။ ပိုးမတွေ့ပေမယ့် သံသယရှိတဲ့သူတွေထားတဲ့နေရာမှာ ထားမယ်။ " ဒေါက်တာထွန်းမြင့်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် အိမ်မှာကျန်ခဲ့တဲ့သူတွေကိုလည်း အခြေအနေပေါ်မူတည်ပြီး နေအိမ်မှာ အသွားအလာကန့်သတ်တာ၊ ကွာရန်တင်းစင်တာတွေကို ပို့ဆောင်တာ စသဖြင့် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ပြည်သူ့အခြေပြု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးစီမံချက်အရ ပြည်သူလူထုကြားထဲ ရွက်ပုန်းသီးလူနာတွေကို စောစောစီးစီးရှာဖွေကုသဆောင်ရွက်သွားနိုင်မှာ ဖြစ်ပြီး လူထုကြား ရောဂါကူးစက်မှု ပြတ်တောက်သွားနိုင်မှာဖြစ်သလို ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုတွေကျဆင်းသွားနိုင်မယ်လို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က