ပြည်နယ်ဝင်ခွင့်တွေကိုလည်း တင်းကြပ်ထားပါတယ်။
Ei Ei Htun

မွန်ပြည်နယ်မှာ ကွာရန်တင်းဝင်ရမည့်ရက်ကို ယခင်အတိုင်း (၁၄)ရက်ပြန်လည်သတ်မှတ်ခဲ့ပါတယ်။ လက်ရှိမွန်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှု မြင့်တက်လျှက်ရှိနေတာကြောင့် ပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့သူတွေကိုလည်း အရေးကြီးဆောင်ရွက်ရမယ့်ကိစ္စတွေကလွဲပြီး ဝင်ရောက်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

“ကွာရန်တင်း ကာလ (၁၄)ရက်က ရောဂါကူးစက်မှု စတင်ကတည်းက ပုံမှန်သတ်မှတ်ထားတဲ့ရက်ပါ။ ဒီကြားကာလမှာ ကူးစက်မှုတည်ငြိမ်သွားတော့ (၁၄)ရက်အစား တစ်ပတ်ဆိုပြီးပြင်ဆင်သတ်မှတ်ခဲ့တယ်။ အခုနောက်ပိုင်း စစ်ဆေးချက်အရ ပိုးတွေ့ရှိတာက (၁၄)ရက်အတွင်း မှသာတွေ့ရှိမှုတွေရှိလာတော့ တစ်ခါပြန်ပြီး (၁၄)ရက်သတ်မှတ်လိုက်တဲ့သဘောပါ”လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝတ်မှုံက Duwun ကိုပြောပါတယ်။

အခုလို ကွာရန်တင်းရက် ပြန်လည်သတ်မှတ်လိုက်တာက ကျန်းမာရေးအတွက်လိုအပ်ချက်ကြောင့်သာဖြစ်ပြီး နိုဝင်ဘာလ (၁၁)ရက်နေ့စပြီး အခုလိုပြန်လည်သတ်မှတ်ခဲ့တာပါ။

ဒေသတွင်းကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက်လည်း ပြည်နယ်ဝင်ခွင့်တွေကို တင်းကြပ်ထားတယ်လို့ဆိုပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြည်ပက ပြန်လာတဲ့သူတွေအပါအဝင် ကိုဗစ်အတည်ပြုလူနာနဲ့ ထိတွေ့ထားသူတွေကို ရောဂါပိုးရှိ ၊မရှိ နှစ်ကြိမ်စစ်ဆေးသွားမှာပါ။

ကွာရန်တင်း ဝင်ရောက်တဲ့ရက် (၃)ရက်မြောက်နေ့မှာ test kit နဲ့ စစ်ဆေးမှာဖြစ်ပြီး (၁၁)ရက်မြောက်နေ့မှာတော့ ဓာတ်ခွဲစစ်ဆေးသွားမှာပါ။

ဝန်ကြီးဌာနရဲ့ ထုန်ပြန်ချက်ကြောင့်လည်း အခုလိုကွာရန်တင်းရက်တွေပြင်ဆင်သတ်မှတ်ခြင်းဖြစ်ပါတယ်။

နိုဝင်ဘာလ (၁၃)ရက်နေ့ ထိ မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ (၈၁၂)ဦးရှိကာ သေဆုံးသူ (၁၀)ဦးရှိပါတယ်။



Author


က္က