စာမေးပွဲတွေလည်း စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။

ကိုဗစ်ကူးစက်မှုကြောင့် ပိတ်ထားရတဲ့ အခြေခံပညာကျောင်းတွေကို ယခုနှစ်မှာ ပြန်လည်ဖွင့်ဖို့ မဖြစ်နိုင်လောက်တော့ဘူးလို့ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

စာသင်ကျောင်းတွေပိတ်ထားခဲ့ရတဲ့အတွက် ကျောင်းသား၊ကျောင်းသူတွေရဲ့ သင်ယူတက်မြောက်မှုအပိုင်းမှာလည်း အပြည့်အဝသင်ကြားခွင့်မရရှိခဲ့တာကြောင့် စာမေးပွဲတွေလည်း စစ်ဆေးနိုင်မှာမဟုတ်ဘူးလို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းက Duwunကိုပြောပါတယ်။



“လက်ရှိအနေအထားထိကတော့ ကျောင်းတွေပြန်ဖွင့်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ စာသင်နှစ်တစ်နှစ်တောင်ကုန်ဆုံးတော့မယ်ဆိုတော့ ဒီချိန်ထိတောင်မဖွင့်နိုင်ရင် ဖွင့်နိုင်မှာမဟုတ်တော့ဘူး။ ရောဂါကူးစက်မှုတွေလည်း ထိန်းချုပ်နိုင်သေးတာမဟုတ်တော့ ကျောင်းတွေပြန်ဖွင့်ဖို့က တော်တော်စဉ်းစားရပါတယ်။ ပြန်ဖွင့်ရင်တောင် ပထမတစ်ခါတုန်းကလို ကိုဗစ်စည်းမျဉ်းတွေနဲ့အညီလုပ်ဆောင်ဖို့အချိန်ယူတာနဲ့ဘာနဲ့ဆို စာသင်နှစ်မှီနိုင်ပါ့မလားပေါ့နော်။ ပြန်ဖွင့်မယ်မဖွင့်ဘူးဆိုတာကတော့ ကိုဗစ်ကော်မတီရဲ့ ညွှန်ကြားချက်အတိုင်းပဲ လုပ်မှာပါ”လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

၂၀၂၀-၂၀၂၁ပညာသင်နှစ်မှာ မူလတန်းနဲ့ အလယ်တန်းကျောင်းသားတွေအနေနဲ့ တစ်နှစ်ပတ်လုံး သင်ယူတက်မြောက်ခွင့်မရှိခဲ့သေးပါဘူး။

အထက်တန်းအဆင့်တွေကို ကိုဗစ်စည်းကမ်းတွေနဲ့အညီ ကျောင်းဖွင့်လှစ်ခဲ့ပေမယ့် အချိန်ကာလအားဖြင့် တစ်လခွဲနီးပါးသာ ပညာသင်ကြားခွင့်ရခဲ့ပြီး ကိုဗစ်ကြောင့် ပြန်လည်ပိတ်သိမ်းခဲ့ရတာဖြစ်ပါတယ်။

ယခုပညာနှစ်မှာတော့ ပညာသင်ကြားခွင့်က အချိန် (၃)လသာ ကျန်ရှိတော့တာပါ။ လက်ရှိအချိန်ထိတော့ အခြေခံပညာကျောင်းတွေပြန်ဖွင့်ဖို့က မဖြစ်နိုင်သေးတဲ့အနေအထားဖြစ်လို့ ကိုဗစ်ကြောင့် ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ပညာသင်နှစ်တစ်နှစ်အောက်ရမယ့် အနေအထားမှာရှိနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က