အောက်ဆီဂျင်စက် ပစ္စည်းတွေလည်းပါဝင်ပါတယ်။
Ei Ei Htun

ယူနန်ပြည်နယ်အစိုးရက မြန်မာငွေကျပ်သိန်းပေါင်း ၈၀၀၀ တန်ဖိုးရှိတဲ့ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို ဒီကနေ့ မန္တလေးမြို့မှာလာရောက်လှူဒါန်းသွားခဲ့ပါတယ်။

ဒေသအတွင်းက ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုနိုင်ဖို့အတွက်လှူဒါန်းတာလို့သိရပြီး စုစုပေါင်းပစ္စည်း ၁၀ မျိုးပါ၀င်တယ် လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးဆရာ၀န်ကြီးဒေါက်တာသန်းသန်းမြင့်ကပြောပါတယ်။

"ယူနန်အစိုးရကလှူတာပါ၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာသုံးဖို့အတွက်လိုအပ်တဲ့ပစ္စည်း ၁၀ မျိုးလှူတာပါ၊ အားလုံးက ကိုဗစ်ရောဂါကာ ကွယ်ထိန်းချုပ်ရေးဆိုင်ရာပစ္စည်းတွေပဲဖြစ်ပါတယ်" လို့ ဒေါက်တာသန်းသန်းမြင့်ကပြောပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရသူတွေအတွက်အောက်ဆီဂျင်စက်တွေအပါအဝင် တခြားသော ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာပစ္စည်းတွေလည်းပါဝင်ပါတယ်။

ဒါတွေရရှိထားတဲ့အတွက် နောက်ဆိုရင်  ကျန်းမာရေး၀န်ထမ်းတွေနဲ့ စေတနာ့၀န်ထမ်းတွေအတွက်ရော အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာလိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေ အလုံအလောက်ဖြန့်ဝေပေးနိုင်တော့မှာဖြစ်တယ်လို့လည်း ဆရာ၀န်ကြီးဒေါက်တာသန်းသန်းမြင့်ကပြောပါတယ်။

လှူဒါန်းပွဲအခမ်းအနားကို မန္တလေးမြို့ မင်္ဂလာမန္တလေးက ပူးမန်းမန္တလေးဟိုတယ်မှာပြုလုပ်ခဲ့တာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၀န်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ဦးဆောင်တဲ့အစိုးရအဖွဲ့၀င်၀န်ကြီးတွေ၊ တရုတ်ကောင်စစ်၀န်ချုပ် Mr.Chen Chen နဲ့တရုတ်အစိုးရတာ၀န်ရှိသူတွေတက်ရောက်ခဲ့ကြပါ တယ်။

တရုတ် ယူနန်ပြည်နယ်အစိုးရက မန္တလေးတိုင်းဒေသကြီးအတွက် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာပစ္စည်းတွေပေးအပ်လှူဒါန်းတာက အခုဆိုရင် တတိယအကြိမ်မြောက်ရှိပြီဖြစ်တယ်လို့သိရပါတယ်။



Author


က္က