လှိုင်သာယာအပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ထောက်ပံ့ကြေး ၄၀၀၀၀ နဲ့ပတ်သက်ပြီး ပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။

အစိုးရက ထောက်ပံ့ပေးနေတဲ့ ငွေကျပ် ၄၀၀၀၀ နှင့်ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အလွဲသုံးစားပြုုလုပ်ခြင်း၊အဂတိလိုက်စားခြင်းတွေရှိပါက တိုင်ကြားနိုင်ပြီး၊ မှန်ကန်ပါက  အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။



"အဂတိလိုက်စားမှုရှိတယ်ဆိုရင်အရေးယူမှာပါ။အလွဲသုံးစားမှုလုပ်တယ်ဆိုရင်လည်းအရေးယူမှာပါ။ အဂတိလိုက်စားတာမဟုတ်ဘူး၊ အလွဲသုံးစားမှုလုပ်တာမဟုတ်ဘဲ အနည်းအကျဉ်းမှားတာလောက်ကတော့ နည်းနည်းလေးခွင့်လွှတ်နားလည်ပေးဖို့ ပြောပါရစေ" လို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးနေမင်းထွန်းကပြောပါတယ်။

ယခင်က ဆန် ၊ ဆီ ၊ ဆားအပါအဝင် ထောက်ပံ့ကြေးတွေရရှိခဲ့တဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေအားလုံး ရရှိမှာဖြစ်ကြောင်း၊ ထပ်တိုးအိမ်ထောင်စုစာရင်းတွေကိုတော့ စိစစ်ပြိး ထောက်ပံ့ကြေး အမှန်တကယ်ရဖို့ လိုအပ်သူတွေကို ထောက်ပံ့ကြေးပေးအပ်နေပေမယ့် လူတိုင်းတော့ ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

“ဒီဟာက လူတိုင်းကိုပေးတာမဟုတ်ဘူး။မရှိဆင်းရဲသား အခြေခံကျပြီးတော့ နိုင်ငံတော်ထောက်ပံ့ငွေကို မရရင်ဒုက္ခရောက်ရပါတယ်ဆိုတဲ့သူတွေကို ရပ်ကွက်ကတင်ပေးတဲ့သူတွေကိုပေးတာ။ အလုပ်ရှိတဲ့သူတွေကို ကျွန်တော်တို့ကပေးမှာမဟုတ်ဘူး။ စားနိုင်သောက်နိုင်တဲ့သူတွေကိုပေးမှာမဟုတ်ဘူး။ အဆင်းရဲဆုံးလူတန်းစာနဲ့ အခက်အခဲဆုံးလူတွေကိုဦးစားပေးတာဖြစ်တယ်။ သို့သော်လူတွေရဲ့သဘောသဘာဝက သူလည်းရရင် ငါလည်းရချင်တယ် အဲဒီကိစ္စနဲ့ ဒီလိုမျိုးတွေဖြစ်နေတာပါ။ ၁၆ ရပ်ကွက်ကိုလည်း ဒီနေ့ပေးဖို့စီစဉ်ထားပေမယ့် မနက်ဖြန်မှ ပေးဖို့ဖြစ်သွားပါတယ်။၁၃ ရပ်ကွက်သည် အိမ်ထောင်စု ၁၀ စုရှိရင် ၆ စုရမယ်။ ၅၉.၇၈ ရာခိုင်နှုန်းပေးထားတယ်။၁၆ ရပ်ကွက်မှာလည်း အိမ်ထောင်စု ၁၀ စုရှိရင် ၉ စုလောက်ရမယ်။ ၈၉.၂၅ ရာခိုင်နှုန်းပေးထားပါတယ်။ တချို့အုပ်ချုပ်ရးမှူးတွေက လိုလိုပိုပိုဆိုပြီး အပိုဆောင်းလေးတွေ ၁၀ ယောက်သော်လည်းကောင်း ၊ ၂၀ သော်လည်းကောင်း၊ ၁၀၀ သော်လည်းကောင်းသူ့အပိုင်လိုက်ပေါ့ အပိုဆောင်လေးတွေ တကယ်လို့လာတောင်းခဲ့ရင် စိစစ်ပြီ းမှန်ကန်ရင်ပေးလို့ရအောင်လုပ်တဲ့သူတွေလည်းရှိတယ်။”လို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးနေမင်းထွန်းကပြောပါတယ်။

လက်ရှိမှာတော့ ထောက်ပံ့ကြေး ၄၀၀၀၀ ကျပ်နှင့်ပတ်သက်ပြီး ဖုန်းနဲ့တိုင်ကြားခြင်း၊ လူကိုယ်တိုင်တိုင်ကြားမှုတွေရှိနေတာကြောင့် ၊ ဖြစ်ပွားရာ ရပ်ကွက်တွေအထိ သွားရောက်ဖြေရှင်းမှုတွေကိုလည်းပြုလုပ်နေရတယ်လို့သိရပါတယ်။

ဒါကြောင့် အရင်က အစိုးရထောက်ပံ့ကြေးရရှိခဲ့တဲ့ အိမ်ထောင်စုတွေထဲမှာ ယခု ၄၀၀၀၀ ကျပ်မရရှိသူရှိခဲ့ရင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အပိုင်မှူးတွေကို ပြောဆိုပြိး ထောက်ပံ့ကြေး တောင်းဆိုနိုင်တယ်လို့ဆိုပါတယ်။

“အရင်ကလည်း မရဘူး။ ခုတစ်ခါတော့ အကုန်ရမယ်လို့ကြားပေမယ့် ခုထိတော့ အန်တီတို့မရသေးပါဘူး။အန်တီတို့ကိုလာပေးရင်လည်း မယူပါဘူး။ လိုအပ်သူကို ပြန်လှူလိုက်ဖို့ တွေးပြီးသားပါ”လို့ လှိုင်သာယာမြို့နယ်နေထိုင်သူဒေါ် မိုးဇင်ကပြောပါတယ်။

လှိုင်သာယာမြို့ တစ်ခုလုံးမှာ ယခုထောက်ပံ့ကြေး ၄၀၀၀၀ ကျပ် ထောက်ပံ့မယ့် အိမ်ထောင်စုပေါင်း ၂ သိန်းကျော်ရှိပါတယ်။ လှိုင်သာယာ အနောက်မြို့နယ်မှာက အိမ်ထောင်စု ၁ သိန်းကျော်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာက အိမ်ထောင်စုပေါင်း ၁ သိန်းကျော်ဖြစ်ပါတယ်။

လက်ရှိမှာတော့ လှိုင်သာယာအပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ထောက်ပံ့ကြေး ၄၀၀၀၀ နဲ့ပတ်သက်ပြီး ပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က