မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပေါက်ကုန်းအုပ်စု ကံလှအရှေ့ကျေးရွာအနီးတွင် နိုဝင်ဘာ ၁၄ ရက်နေ့က မြစ်ကမ်းပါးပြိုကျတဲဲ့အတွက် လူနေအိမ်များရွေ့ပြောင်းနေရကြောင်း မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။



  "မနေ့ကညနေပိုင်း ကံလှအရှေ့ရွာမြစ်ကမ်းဘေးမှာ ကမ်းပါးပြိုကျလို့ လူနေအိမ်(၃၀)ရွေ့ပြောင်း ပေးပြီးပါပြီ၊ အခု(၆)အိမ်ကို ဆက်လက်ရွေ့ပြောင်းပေးနေပါတယ်"လို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးက ပြောပါတယ်။

  မြစ်ကမ်းပါးပြိုလို့ ရွှေ့ပြောင်းပေးရတဲ့ အိမ်(၃၆)လုံးကို ဒေသခံပြည်သူများ၊ ပွင့်ဖြူလူမှုရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ဝိုင်းဝန်းကူညီပေးလျှက်ရှိပါတယ်။

  "ဒေသခံပြည်သူတွေ၊ လူမှုရေးပရဟိတအဖွဲ့တွေ၊ ကျွန်တော်တို့ဌာနဆိုင်ရာတွေ ကူညီပေးနေကြပါတယ်၊ အခုကံလှအနောက်ရွာမြေကွက်မှာ မြေစာရင်းက မြေတိုင်းတာနေပါတယ်၊ရွှေ့ပြောင်းရတဲ့(၃၆)အိမ်အတွက်ပေါ့၊ ရွှေ့ပြောင်းချိန် အန္တရာယ်မဖြစ်ရအောင် ကျွန်တော်ကိုယ်တိုင် ဦးစိီးပြီး လုပ်ဆောင်နေပါတယ်၊ ထိခိုက်တာတွေတော့မရှိပါဘူး"ဟု ဦးစန်းဌေးက ဆိုသည်။

   

ဓာတ်ပုံ ဦး၀င်းမြိုင်သန်း

  ယနေ့ နံနက်ပိုင်း မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများလာရောက်ကြည့်ရှုပြီး တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရွှေ့ပြောင်းစားရိတ်ထောက်ပံ့ကြေး (၃၆) အိမ်အတွက် တစ်အိမ် ထောင် ကို ကျပ်တစ်သိန်းထောက်ပံ့ပေးပြီး၊ အောင်ပဒေသာကုမ္ပဏ်ိလီမိတက်မှ တစ်အိမ်ထောင်ကို သုံးသောင်းကျပ် လှုဒါန်းခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ မနေ့က ညနေ၃နာရီလောက်ကတည်းက စရွှေ့နေရတာပါ၊ မနေ့က ၁၀အိမ်၊ ညဘက် ၃အိမ်၊ ခုမနက်ထိရွှေ့တာနဲ့ဆို စုစုပေါင်း ၃၆အိမ်ရှိနေပါပြီ၊ အရင်ကကမ်းပါပြိုတာဖြစ်ဖူးပေမဲ့ ဒီတစ်ခါအဆိုးဆုံးပါ၊ တစ်ခါပြိုရင် မြေတစ်ဧကပတ်လည် နိမ့်ဆင်းသွားပါတယ်" ဟု ဒေသခံတဦးက ပြောသည်။

  မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပေါက်ကုန်းအုပ်စု ကံလှအရှေ့နှင့်အနောက်ကျေးရွာတွင် အိမ်ထောင်စု (၁၃၇) စု ရှိကြောင်း သိရသည်။

မကွေးပို့စ်မှ ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က