နိုဝင်ဘာ (၁၅) ရက်ကစပြီး နေ့စဉ် ည (၁၂) နာရီကနေ မနက်(၄)နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်လိုက်တာပါ

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ကယားပြည်နယ်အတွင်း လွိုင်ကော်ခရိုင်၊ ဘော်လခဲခရိုင်နဲ့ မြို့နယ်အားလုံးမှာ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တယ်လို့ ကယားပြည်နယ်အစိုးရက ကြေညာလိုက်ပါတယ်။



အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ ခွင့်ပြုချက်အရမှ အပ ဒီနေ့ နိုဝင်ဘာ (၁၅) ရက်ကစပြီး နေ့စဉ် ည (၁၂) နာရီကနေ မနက် (၄) နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီး လိုက်နာဖို့ ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ပြည်နယ်အစိုးရအဖွဲ့က အသိပေးထားပါတယ်။

“ ညမထွက်ရ အမိန့်ကတော့ တစ်နိုင်ငံလုံးအတူတူပါပဲ။ သက်ဆိုင်ရာဥပဒေမှာပါတဲ့အတိုင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ညွှန်ကြားထားတဲ့အတိုင်း ညမထွက်ရအမိန့် (၁၄၄) ပြန်ထုတ်တဲ့သဘောပါ။" လို့ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက Duwun ကို ပြောပါတယ်။

ကယားပြည်နယ်မှာ ညမထွက်ရ အမိန့်ကို ပြီးခဲ့တဲ့ ဧပြီလပိုင်းလောက်ကတည်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး အမိန့်သတ်မှတ်တဲ့ရက်ကစတင်ကာ (၂) လစီ ထပ်မံတိုးမြှင့်ထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်း ပထမဆုံးကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးကို အောက်တိုဘာ (၁၅) ရက်နေ့ကစတင်တွေ့ရှိခဲ့ပြီးနောက် ဒီနေ့ နိုဝင်ဘာ (၁၅) ရက်နေ့ တစ်လတိတိပြည့်တဲ့ရက်အထိ ကယားပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၂) ဦးအထိ ရှိခဲ့တယ်လို့လည်းသိရပါတယ်။

အဆိုပါ အတည်ပြုလူနာ (၁၂) ဦးအနက် (၉) ဦးကတော့ ရောဂါပြန်လည်ပျောက်ကင်းပြီး အချို့ လူနာတွေက နေအိမ်မှာပဲ အသွားအလာကန့်သတ်နေထိုင်သလို ရက်ပြည့်ပြီး အကောင်းပကတိအတိုင်းပျောက်ကင်းသွားသူတွေလည်း ရှိနေပြီလို့ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ကျန်ရှိတဲ့ ပိုးတွေ့ လူနာ (၃) ဦးကတော့ လွိုင်ကော်မြို့နယ်မှာ (၂) ဦးနဲ့ ဒီမောဆိုးမြို့နယ်မှာ (၁) ဦးတို့ ဖြစ်ပြီး အဲဒီလူနာတွေကလည်း ကျန်းမာရေးအခြေအနေ တော်တော်လေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။

လက်ရှိ ကယားပြည်နယ်အတွင်း ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်သူတွေ၊ အခြားတိုင်း၊ပြည်နယ်တွေက ပြန်လာသူတွေ လူပေါင်း (၁၇၀) နီးပါးလောက်ကို အသွားအလာကန့်သတ်ထားတယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က