အိမ်ထောင်စုတွေက လူစုလူဝေးနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးတွေမှာ တောင်းဆိုမှုဖြစ်ပွားခဲ့ပါတယ်။
Htar Htar Wai

လှိုင်သာယာမြို့နယ်က အစိုးရထောက်ပံ့ကြေးငွေ လေးသောင်းကျပ်မရရှိတဲ့ အိမ်ထောင်စုတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ပြန်လည်လျှောက်ထားဖို့ ညွှန်ကြားထားပြီး တင်ပြလာတဲ့ အိမ်ထောင်စုတွေကို စိစစ်ဖို့အတွက် ကော်မတီတစ်ရပ် ဒီနေ့ နိုဝင်ဘာလ ၁၆ရက်မှာ စတင်ဖွဲ့စည်းမှာဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

လှိုင်သာယာမြို့နယ်မှာ လေးသောင်းကျပ်မရရှိတဲ့ အိမ်ထောင်စုတွေက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး နဲ့ အိမ်တွေကို ဝိုင်းရံပြီး လူစုလူဝေးနဲ့ တောင်းဆိုမှုတွေဖြစ်ပွားခဲ့တာကြောင့် ဒီလိုစီစဉ်ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။

" ဒီကိစ္စတွေအတွက် ကော်မတီဖွဲ့မယ် ဒီနေ့ ။ ဌာနဆိုင်ရာအဖွဲ့ခေါင်းဆောင်တွေပါမယ် ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပါမယ် ။ ၊ ရပ်မိရပ်ဖ ၊ ရပ်ကွက်စာရေး ၊ ရပ်ကွက်က Volunteers (စေတနာ့ဝန်ထမ်းတွေ) ပါမယ် ။ သူတို့တင်ပြတဲ့ အိမ်ထောင်စုအလိုက် အမှန်တကယ်ပေးအပ်တဲ့အပေါ်မှာ မှန်ကန်မှုရှိမရှိ စိစစ်ပြီး အခုကျန်ရှိပါတယ်ဆိုတဲ့သူတွေက တကယ်ပဲ ကျန်တာလား ၊ ဘာကြောင့်ကျန်တာလဲ စိစစ်ဆောင်ရွက်မယ် ။ အခုလက်ရှိကိုပဲ ရုံးမှာလာတင်တဲ့သူ ၃၀၀ကျော်် ရှိနေပြီ။ မနေ့က အဲဒီလိုဆောင်ရွက်ဖို့ ပြောလို့ လူစုလူဝေးနဲ့ တောင်းဆိုနေတဲ့ လူအုပ်ကြီးက လူစုကွဲသွားတာလေ " လို့ လှိုင်သာယာမြို့နယ် ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ဝင်းလွင် ( လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် လေးသောင်းကျပ်မရရှိတဲ့အတွက် ပြန်လည်လျှောက်ထားနေကြစဉ်)

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ပုံစံလာရောက်တင်ပြထားတဲ့ အိမ်ထောင်စုတွေကို ဒီနေ့ဖွဲ့စည်းလိုက်တဲ့ ကော်မတီက အချက်အလက်မှန်ကန်မှုရှိမရှိစိစစ်မှာဖြစ်ပြီး တွေ့ရှိချက်တွေကို နိုဝင်ဘာလ ၂၀ရက်မှာ ပြန်လည်တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီတွေ့ရှိချက်တွေကို အစိုးရအဖွဲ့ကို ပြန်လည်တင်ပြမှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့ လှိုင်သာယာမြို့နယ် ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက Duwun ကို ပြောပါတယ်။

" သူတို့လာလျှောက်တဲ့အခါ ကျန်ရှိပါတယ်ဆိုတဲ့ အိမ်ထောင်ဦးစီးအမည်ပါမယ် ၊ သန်းခေါင်းစာရင်းမိတ္တူ ဒါမှမဟုတ် ဧည့်စာရင်းမိတ္တူပါမယ် ၊ မှတ်ပုံတင်မိတ္တူပါမယ် ၊ အဲဒါနဲ့တွဲပြီး ဖောင်ပုံစံက ကျွန်တော်တို့ ထုတ်ပေးတာ မဟုတ်ဘူး ။ သူတို့အချင်းချင်းပဲ အဲဒီက ဦးဆောင်ဆောင်ရွက်သူတွေက ထုတ်ထားတဲ့ပုံစံရှိတယ် ။ မှတ်ချက်မှာ လေးသောင်းမရပါဆိုတာရေးပြီး ရပ်ကွက်အလိုက် လမ်းအလိုက် လာတင်ခိုင်းထာပါ။ သူတို့ကို စိစစ်ပြီး ၂၀ ရက်နေ့ ပြန်တင်ခိုင်းမယ် စိစစ်တွေ့ရှိချက်ကို ။ အဲဒါကို အစိုးရအဖွဲ့ကို တင်ပြမယ် ။ သူတို့ကို ဘယ်တော့ပြန်ပေးမယ်ဆိုတာတော့ မသိရသေးပါဘူး ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မယ် " လို့ ဦးချစ်ကိုကိုလင်းက Duwun ကို ပြောပါတယ်။

အစိုးရက ကိုဗစ်ကာလထောက်ပံ့ကြေးအဖြစ် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို နိုဝင်ဘာလ ၁၁ရက်စတင်ပြီး လေးသောင်းကျပ်ထောက်ပံ့ခဲ့ပေမယ့် မရရှိတဲ့ လှိုင်သာယာမြို့နယ် (၄)ရပ်ကွက် ၊ (၆)ရပ်ကွက် ၊ (၈)ရပ်ကွက်တို့က အိမ်ထောင်စုအချို့က လူစုလူဝေးနဲ့ တောင်းဆိုမှုတွေ နိုဝင်ဘာလ ၁၅ရက်က ဖြစ်ပွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က