Ei Ei Mar

မကွေးတိုင်း ငဖဲမြို့နယ်တွင် နိုဝင်ဘာ (၁၀)ရက်နေ့ ညနေ ၄နာရီ၃၀မိနစ်ခန့်က တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူမောင်းနှင်တဲ့ မော်တော်ယာဥ်နဲ့ ပင်ဦးကျေးရွာမှ ဦးတင်မောင်ဝင်းမောင်းနှင်တဲ့ ဆိုင်ကယ်တို့ ယာဥ်တိုက်မှုဖြစ်ခဲ့ပြီး နိုဝင်ဘာ ၁၅ရက်နေ့က ဆိုင်ကယ်စီးသူ သေဆုံးသွားကြောင်း ငဖဲမြို့မရဲစခန်းက သိရပါတယ်။

   "မနေ့က ငဖဲမြို့နယ်ဆရာဝန်ကြီး ဖုန်းဆက်အကြောင်းကြားချက်အရ ဒီလိုဖြစ်တယ်ဆိုတာ သိရတယ်၊ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ စုံစမ်းဆဲပါ"လို့ ငဖဲမြို့ မြို့မရဲစခန်းမှူးဒုရဲမှူးကျော်မင်းဦးက ပြောပါတယ်။

   နိုဝင်ဘာ (၁၀)ရက်နေ့ ညနေက ပင်ဦးကျေးရွာနေ ဦးတင်မောင်ဝင်းဟာ ဆိုင်ကယ်စီးပြီး ငဖဲမြို့သို့ ထွက်ခွာလာစဥ် ချောင်းဖြုကျေးရွာ ရွာလယ်လမ်းကွေ့တွင် ငဖဲမြို့တောင်ဘက်မှ ပင်ဦးကျေးရွာမြောက်ဖက်သို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူမောင်းနှင်လာတဲ့ ကားနဲ့ ချိတ်တိုက်မိကြောင်း ရဲစခန်းမှတ်တမ်းအရသိရပါတယ်။

   ဆိုင်ကယ်စီးနှင်သူဦးတင်မောင်ဝင်းမှာ ဘယ်ဘက် ပါးပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး ပြင်ပဒဏ်ရာပြင်းထန်စွာမရရှိတဲ့ အတွက် ဆေးကုသမှု မခံယူခဲ့ဘဲ နိုဝင်ဘာ ၁၅ရက်နေ့ နံနက် ၁၀နာရီခန့် တွင် ဝမ်းဗိုက်အောင့်လာတဲ့အတွက် ဆေးကုသမှုခံယူရန် ငဖဲပြည်သူ့ဆေးရုံကြီးသို့ထွက်လာရာ လမ်းတွင်သေဆုံးခဲ့ကြောင်းသေဆုံးသူရဲ့ဇနီး ပြောပြချက်အရသိရပါတယ်။

  အဆိုပါဖြစ်စဥ်ကြောင့် ငဖဲမြို့ မြို့မရဲစခန်းက ဦးစန်းကြူနှင့် ဦးတင်မောင်ဝင်းတို့ကို ဥပဒေအရ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

   "ယာဥ်တိုက်မှုဖြစ်တဲ့ (၂)ဦးကို အမှုဖွင့်ထားတယ်၊ ဘယ်သူမှားတယ် မှန်တယ်ဆိုတာက စုံစမ်းဖော်ထုတ်မှပဲ သိရမှာလေ၊ အခုဟာက စစ်ဆေးဆောင်ရွက်နေဆဲဘဲရှိသေးတယ်၊ သက်သေတွေလည်း စစ်နေရတုန်းဆိုတော့ အတိအကျကတော့ မပြောနိင်သေးဘူး၊ စုံစမ်းပြီးတာနဲ့ ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမယ်"လို့ ငဖဲမြို့မြိုမရဲစခန်းမှူး ဒုရဲမှူးကျော်မင်းဦးက ပြောပါတယ်။

မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က