ဦးစားပေးအစီအစဉ်အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စာရင်းပြုစုနေပြီဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးရရှိလာပါက မြန်မာနိုင်ငံရဲ့ လူဦးရေ (၂၀) ရာခိုင်နှုန်းမှာ ထည့်ဝင်ငွေ အနည်းငယ်ထည့်ရုံမျှနဲ့ ကာကွယ်ဆေးထိုးနှံခွင့်ရရှိမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။



မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး လူတိုင်းမျှမျှတတရရှိရေး ကမ္ဘာ့နိုင်ငံအများအပြားဖွဲ့စည်းထားတဲ့ COVAX အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ကာကွယ်ဆေးရရှိလာရင် WHO၊ GAVI၊ EPI အစီအစဉ်နဲ့ နိုင်ငံရဲ့ ထည့်ဝင်ငွေ အနည်းငယ်နဲ့ ရရှိမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားလိုက်ပါတယ်။

“ ကာကွယ်ဆေး အဆမတန်ဈေးတင်ရောင်းတာတို့၊ဈေးတွေ အဆမတန်မြင့်နေတာတို့ ဒါမျိုးတွေ မဖြစ်ရအောင်အကုန်လုံးထိန်းချုပ်ဖို့ဒီလို COVAX အဖွဲ့အစည်းက ရှိရခြင်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံအပါအဝင် ၉၄ နိုင်ငံကတော့ ကာကွယ်ဆေးရရှိရင် ထည့်ဝင်ငွေ ထည့်ရမှာဖြစ်ပါတယ်။ ထည့်ဝင်ငွေထည့်ပြီးရင် ဥပမာ ငါးဒေါ်လာတန်တဲ့ ကာကွယ်ဆေးဆိုရင် ကျွန်မတို့က တစ်ဒေါ်လာထည့်၊ ကျန်တဲ့ လေးဒေါ်လာကိုGAVI အဖွဲ့အစည်းက ထည့်ဝင်ပြီးတော့ နိုင်ငံရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းကို ထိုးနှံဖို့အတွက် ဆောင်ရွက်တာရှိပါတယ်”လို့ ဒေါက်တာခင်ခင်ကြီးက Duwun ကို ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးရရှိလာရင် ဦးစားပေးထိုးနှံနိုင်ဖို့ အတွက် ကျန်းမာရေးဝန်ထမ်းတွေကိုလည်း လက်ရှိအချိန်မှာ စာရင်းပြုစုကောက်ခံနေပြီး လက်ရှိကျန်းမာရေးဝန်ထမ်း ၁ သိန်းကျော်ထဲက ဘယ်လိုကျန်းမာရေးဝန်ထမ်းတွေကို အဓိက ဦးစားပေးထိုးနှံပေးရမလဲဆိုတဲ့ စီမံချက်အသေးစိတ်တွေ ရေးဆွဲနေတယ်လို့ သိရပါတယ်။

“ ကျန်းမာရေးဝန်ထမ်းတွေက အဓိက ဦးစားပေးဖြစ်တယ်။ဒုတိယကတော့အသက်ကြီးတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေဆိုရင် ၆၀ အထက်လား၊ ၆၅ အထက်လား ဒါတွေက အစ အသေးစိတ် ။ ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး plan တွေချရမှာဖြစ်ပါတယ်။ နောက်ခံရောဂါရှိတဲ့သူဆိုရင်လည်း ဘယ်လိုလူမျိုးကို နောက်ခံရောဂါရှိတဲ့သူလို့ ခေါ်မလဲ။ ဒါမျိုးတွေကအစ တိတိကျကျ နဲ့ပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် သူကတော့ ကာကွယ်ဆေးရတယ်။ငါကတော့ မရဘူး။ ဒါမျိုးတွေ မဖြစ်အောင် တိတိကျကျ ဂိုက်လိုင်းတွေရေးဆွဲဖို့ အဖွဲ့ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့မှာ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေ အားလုံးပါပါတယ်။ အဲဒီအဖွဲ့က အသေးစိတ် စီမံချက်တွေ ရေးဆွဲမှာဖြစ်ပါတယ်" လို့ ဒေါက်တာခင်ခင်ကြီးက Duwun ကိုပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဆေးရရှိတာနဲ့ ထိုးနှံနိုင်ဖို့ အတွက် အိန္ဒိယနိုင်ငံ၊ရရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့နဲ့ သံတမန်နည်းလမ်းတွေ အရချိတ်ဆက်ဆောင်ရွက်ထားတယ်လို့လည်းဆိုပါတယ်။ 

လတ်တလောမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရားဝင်သတ်မှတ်ထားတဲ့ ကာကွယ်ဆေးမရှိသေးပေမယ့် တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ကာကွယ်ဆေး(၄)မျိုး၊ ရုရှားနိုင်ငံက ကာကွယ်ဆေး (၂) မျိုးက အကန့်အသတ်နဲ့အသုံးပြုခွင့်ရထားပြီး လူထောင်ပေါင်းများစွာမှာ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က