ဆက်ပြီးမဖြစ်ရအောင် လူစုလူဝေးတွေကို ရှောင်ကြဉ်ဖို့သတိပေးခဲ့ပါတယ်။

ယခုချိန်မှာ လူစုလူဝေးတွေ နည်းနည်းဖြစ်ခဲ့တာကြောင့် ကိုဗစ်ရောဂါပြန်ပွားမှုနှုန်းကလည်း တစ်ပတ်၊ နှစ်ပတ်အတွင်း အနည်းငယ်တက်လာနိုင်တယ်ဆိုတာ အခုကတည်းကစပြီး သတိပြုရမှာဖြစ်ပြီး ဆက်ပြီးမဖြစ်ရအောင် လူစုလူဝေးတွေကို ရှောင်ကြဉ်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုပါတယ်။



နိုဝင်ဘာ (၁၆) ရက်က နိုင်ငံပိုင်မီဒီယာကတစ်ဆင့်ထုတ်လွှင့်ခဲ့တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်းပြီး ပြည်သူသို့အစီရင်ခံစာတင်ပြတဲ့မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း ဒီရက်ပိုင်းအတွင်း ကြေညာချက်ထပ်မံထုတ်ပြန်ထားပြီး ဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာရင် တည်ဆဲဥပဒေတွေအရ အရေးယူရလိမ့်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“ ပြည်သူတွေကို အရေးယူချင်လို့တော့မဟုတ်ဘူး။ ဒဏ်ပေးချင်လို့လည်း မဟုတ်ဘူး။ ဒီရောဂါဘေးမှ ကာကွယ်ချင်လို့ပဲဖြစ်တယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခြေခံလူတန်းစားတွေအတွက် ထောက်ပံကြေးငွေနဲ့ပတ်သက်ပြီး ပထမ၊ဒုတိယနဲ့ တတိယအကြိမ်မှာ အဆင်ပြေချော့မွေ့ခဲ့ပေမယ့် အခု စတုတ္တအကြိမ်မှာတော့ တစ်ချို့နေရာတွေမှာ လူစုလူဝေးလုပ်ပြီး အနည်းငယ်ဆူပူမှုတွေ ဖြစ်လာတယ်ဆိုတာကို တွေ့နေရတယ်လို့လည်း အတိုင်ပင်ခံက ဆိုပါတယ်။

အကြောင်းကြောင်းကြောင့် ကျန်ခဲ့တယ်ဆိုရင် တိုင်ကြားတဲ့ဌာနကို စပြီး ဖွင့်လှစ်ထားပြီး အဲဒီမှာ တိုင်ကြားနိုင်ကြောင်း၊ မိမိရဲ့ မိသားစုကျန်ခဲ့ပါက၊ တစ်ယောက်တည်းသမားဆိုပါကလည်း မိမိရပိုင်ခွင့်ကို မရဘူးဆိုရင် တိုင်လို့ရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“ အဲဒီတော့ အေးအေးဆေးဆေးနဲ့ တိုင်စာဌာနမှာ တိုင်ကြပါ။ အခြေအနေဘယ်လိုဖြစ်လဲဆိုတာကိုပြောကြပါ။ ရည်ရွယ်ချက်နဲ့ ဘယ်သူ့ကိုမှ ကျွန်မတို့ ထားခဲ့မှာမဟုတ်ဘူး။ ကျန်ခဲ့ရင်လည်း ပြန်ပံ့ပိုပေးမယ်။ ပြည်သူတွေ အားလုံးဝိုင်းပြီးတော့ ဒီကိစ္စကို ချောချောမွေ့မွေ့ဖြေရှင်းနိုင်ဖို့ ပံ့ပိုးကူညီစေချင်ပါတယ်" လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့တာပါ။

ဒါ့အပြင် အသေးစားချေးငွေကိစ္စတွေမှာ ကိုဗစ်ကာလ ပြန်မဆပ်နိုင်တဲ့ ပြည်သူတွေအတွက် ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်က အသေးစားချေးငွေအဖွဲ့အစည်းနဲ့ အစိုးရအဖွဲ့တို့ ညှိပြီး ပြည်သူတွေကို ပြန်ဆယ်ရမယ့် အချိန် ဆိုင်းငံ့ပေးဖို့ အစီအစဉ်တွေ စတင်‌ဆောင်ရွက်နေပြီလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က