ရဲတပ်ဖွဲ့ဝင်ဆီမှ သေနတ်ကို လုယူခဲ့သလို၊ တာဝန်ရှိသူတွေကိုလည်း ဆဲဆိုရမ်းကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Ei Ei Mar

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က ရခိုင်ရိုးကြီးကျေးရွာမှာ အစိုးရက ထောက်ပံ့တဲ့ ၄၀၀၀၀ ရလိုမှုအတွက် တောင်းဆိုကြရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး  ရဲတပ်သားဆီကနေပါ သေနတ်လုယူခဲ့တာကြောင့်  လူ ၁၀ ဦးကို အမှုဖွင့်လှစ်ပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်က နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက ရခိုင်ရိုးကြီးကျေးရွာမှာ လူ ၅၀၀ လောက်ဟာ ထောက်ပံ့ကြေး ၄၀၀၀၀ ကိစ္စအတွက် စုရုံးတောင်းဆိုမှုဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့မှ လာရောက်စဉ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ စုရုံးတောင်းဆိုသူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်ဆီမှ သေနတ်ကို လုယူခဲ့သလို၊ တာဝန်ရှိသူတွေကိုလည်း ဆဲဆိုရမ်းကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ဦးဝင်းခိုင် အပါ လူ ၁၀ဦးကို ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းမှာ (ပ) ၂၅၈/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ ၃၅၃ နဲ့ ဖမ်းဆီး အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။

“အခုကတော့ သူတို့ကို ရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်။ တရားစွဲတာတို့ ဘာတို့ကတော့ ရဲစခန်းကပဲ ဆက်လုပ်မှာပေါ့။ ကျွန်တော်တို့လည်း ရှင်းပြနေတုန်းရှိသေး ရှင်းပြချိန်မှာပဲ ဖမ်းချင်ဖမ်း ဘယ်လိုဘာညာနဲ့ရုန်းရင်းဆန်ခတ်ဖြစ်သလိုဖြစ်တယ်။ နောက်တစ်ခုက ရဲတပ်သား သေနတ်ကို သွားဆွဲတာဖြစ်တယ်လို့သိရတယ်။ အဲဒီလိုကျပိုဆိုးသွားတာပေါ့။ ရဲတပ်ဖွဲ့လက်နက်ကို သွားလုလို့မရဘူးပေါ့။ အဲဒီမှာ ၄၀၀၀၀ ကအိမ်ထောင်စုတစ်စုမှ မပေးရသေးဘူး။ပေးဖို့စီစဉ်တုန်းရှိသေးတယ်။ အဖွဲ့နဲ့လာတောင်းဆိုသလို ဖြစ်တာပေါ့ ။သူတို့ ကတော့သူတို့လိုချင်တဲ့စိတ်နဲ့ လာတောင်းတာပေါ့။ ပေးမယ့်အထဲ သူတို့ပါမပါတော့မသိဘူးပေါ့”လို့ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးသန်းဇော်််််လင်းက ပြောပါတယ်။

လက်ရှိအချိန်ထိ ရခိုင်ရိုးကြီးကျေးရွာမှာ ထောက်ပံ့ကြေး ၄၀၀၀၀ ကျပ်ကို ထောက်ပံံ့ပေးခြင်းမရှိသေးကြောင်း၊အဆောင် နေထိုင်သူတွေလည်းများကြောင်း၊ ဒီထဲကမှ ကျေးရွာဒေသခံတွေကိုဦးစားပေးပြီး နည်းလမ်းတကျနဲ့သာ ထောက်ပံ့ကြေးကို ပေးအပ်မှာဖြစ်တယ်လို့သိရပါတယ်။

ရခိုင်ရိုးကြီးကျေးရွာအုပ်စုမှာ ရခိုင်ရိုးကြီးကျေးရွာအပါအဝင် ရွာ ငါး ရွာရှိကြောင်း ၊ အားလုံးပေါင်းမှာ အိမ်တိုင်ကွင်းစွတ်နေကြတဲ့ အိမ်ထောင်စု ချည်း ၉၀၀၀ ကျော်ရှိပြီး၊ ထောက်ပံ့ကြေးက ၅၀၀၀ ကျော်သာ ရရှိတယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြိး ရခိုင်ရိုးကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဌေးဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ “ကျေးရွာနေဒေသခံတွေက ဆန္ဒပြတာမဟုတ်ပါဘူး။ ရွှေ့ပြောင်းလုပ်သားတွေက လုပ်တာပါ။ကျွန်တော််တို့ကတော့ နည်းမှန် လမ်းမှန်နဲ့ပဲ ဆက်လုပ်မှာဖြစ်တယ်။ ကျွန်တော်တို့မှာ ဦးစားပေး လုပ်မှာတွေရှိတယ်။ နံပါတ်၁ ဒေသခံကို ဦးစားပေးရမယ်။ နံပါတ် ၂ အနေကြာကို ဦးစားပေးရမယ်။ နံပါတ်၃ အဆောင်နေသူတွေကို ပိုလျှံရင်ပေးမယ်။ ဘာလို့ဆို အဆောင်နေသူတွေက သူတို့ရပ်ရွာမှာလည်း သူတို့မိဘတွေက ခွဲတမ်းတွေရတယ်လေ။ ရပြီးသားသူတွေက ရချင်တယ်။ မရသေးတဲ့သူတွေက စောဒကမတက်ဘူး။ မျက်စိသူငယ်နားသူငယ်လေးတွေနဲ့။ နိုင်ငံတော်ကထောက်ပံ့တာက အယောက် ၁၀၀ ရှိရင် အယောက် ၁၀၀ ထောက့်ပံ့တာမဟုတ်ဘူး။ ဒါပေမယ့် ပြည်သူတွေက ၁၀၀ ရှိရင်အကုန်ထောက်ပံ့တယ်ထင်ပြီး စွပ်စွဲကြတာ”လို့ ပြောပါတယ်။

ထန်းတပင်မြို့နယ်တစ်ခုလုံးတွင် အိမ်ထောင်စုပေါင်း ၄၇၀၀၀ ကျော်ရှိပြီး အစိုးရထောက်ပံ့မယ့် ၄၀၀၀၀ ကျပ်အတွက်ကို အိမ်ထောင်စု ၄၃၀၀၀ ကျော်ရရှိထားသဖြင့် ရာခိုင်နှုန်းနဲ့ဆိုပါက ၉၁.၆၁ ရာခိုင်နှုန်းနီးပါးရရှိထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ အစိုးရထောက်ပံ့မယ့် ၄၀၀၀၀ ကျပ်နဲ့ပတ်သက်ပြီး ထန်းတပင်မြို့နယ်အပြင် ၊ လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာလည်း အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူတွေအကြား အငြင်းပွားဖွယ်ရာ ပြဿနာတွေဖြစ်ပေါ်နေကြောင်းသိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က