စာရွက်စာတမ်းအတုတွေနဲ့ လာလျှောက်တဲ့အမျိုးသားကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ် (၆)ရပ်ကွက်က အိမ်ထောင်စုတွေကိုယ်စားလျှောက်ထားသူဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ စာရွက်စာတမ်းအတုတွေနဲ့ အိမ်ထောင်စု(၂၆၂)စုစာကို အမျိုးသားတစ်ဦးက လာရောက်လျှောက်ထားတယ်လို့ သိရပါတယ်။

ဒီလို စာရွက်စာတမ်းအတုတွေနဲ့ လျှောက်ထားမှုပြုလုပ်နေစဉ်မှာပဲ လှိုင်သာယာမြို့နယ် (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးက တွေ့ရှိပြီး မသင်္ကာလို့ စစ်ဆေးရာကနေ ဖြစ်ရပ်မှန် ပေါ်ပေါက်ခဲ့တယ်လို့ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက Duwun ကို ပြောပါတယ်။



" သူက လျှောက်တဲ့ ပုံစံတွေကို တစ်ရွက်တစ်ရာနဲ့ ရပ်ကွက်ထဲရောင်းစားတယ် ။ အဲဒါတွေကို ပြန်စုပြီး သူတင်ပေးမယ်ဆိုပြီး ယူလာတာ ။ ကြည့်လိုက်တော့ ဧည့်စာရင်းစာရွက်အတုတွေ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးလက်မှတ်အတု ၊ ရာအိမ်မှူးလက်မှတ်အတု အဲဒါတွေနဲ့ တံဆိပ်တုံးအတု ။ ပြီးတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုတဲ့ စာတန်းကြီးတောင် ကောက်ထည့်ထား သေးတယ်။ အဲဒါတွေနဲ့ ရုံးကိုလာတင်တဲ့အချိန် သူ့သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တွေ့ပြီး စစ်လိုက်တာ ။ သူ့လက်မှတ်အတုနဲ့ လုပ်ရကောင်းလားဆိုပြီး အမှုဖွင့်လိုက်တာ " လို့ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက Duwun ကို ပြောပါတယ်။

လှိုင်သာယာမြို့နယ်က ထောက်ပံ့ကြေးငွေလေးသောင်းမရရှိတဲ့ အိမ်ထောင်စုတွေကို မနေ့က နိုဝင်ဘာလ(၁၆)ရက်မှာ ပြန်လည်လျှောက်ထားစေရာမှာ အဲဒီနေ့မှာပဲ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဦးချစ်ကိုကိုလင်းက Duwun ကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ လာရောက်လျှောက်ထားမှုတွေကို လက်ခံနေပြီး လုပ်ငန်းစိစစ်ဖို့ဖွဲ့စည်းထားတဲ့ ငါးဦးကော်မတီကနေ ဒီလျှောက်ထားမှုတွေကို နိုဝင်ဘာလ (၂၀)ရက်မှာ ပြန်လည်မှတ်ချက်ပြု တင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။

" မနေ့က စလက်ခံတယ် ။ မနက်ဖြန်အထိလျှောက်လို့ရမယ် ။ မနေ့ကတော့ ၃၀၀ရာနီးပါးလက်ခံရရှိတယ် ။ ဒီနေ့လည်း တစ်ရာလောက်ရှိမယ်ထင်တယ် ။ ဒါတွေကို စိစစ်ဖို့ ကျွန်တော်တို့ ငါးဦးကော်မတီဖွဲ့ထားတာ ရှိတယ်လေ ။ သူတို့ ၁၈ ၊ ၁၉လောက်မှာ စိစစ်ပြီး ၂၀ရက်နေ့မှာ ပြန်လည်တင်ပြမှာပေါ့ ။ အဲဒါကို တိုင်းအစိုးရကို တင်ပြရမှာဖြစ်ပါတယ် " လို့ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ဝင်းလွင် (လှိုင်သာယာမြို့နယ်မှာ လေးသောင်းကျပ်ပြန်လည်လျှောက်ထားဖို့ ဆောင်ရွက်နေသူများ )

နိုင်ငံတော်က ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေအတွက် စတုတ္ထအကြိမ်အဖြစ် နိုဝင်ဘာလ ၁၀ရက်က စတင်ပြီး Stay at Home ပြင်ပအိမ်ထောင်စုများအတွက် ကျပ်နှစ်သောင်း ၊ Stay at Home အကျုံးဝင်အိမ်ထောင်စုတစ်စုကို ကျပ်လေးသောင်းနှုန်းနဲ့ ထောက်ပံ့နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မရရှိဘဲ ကျန်ရှိနေတဲ့ အိမ်ထောင်စုတွေကျန်ရှိနေတာကြောင့် ဆူပူမှု ၊ အငြင်းပွားမှုတွေဖြစ်နေသလို ဒါတွေကို တိုင်ကြားနိုင်ဖို့အတွက်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Ministry of Union Government Office Page ကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ မြို့နယ်အလိုက် တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ကြေညာနေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က