နိုဝင်ဘာလကုန်မှာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်တွေက (A)အဆင့်သတ်မှတ်ခြင်းခံရတဲ့ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေကို နိုဝင်ဘာလကုန်မှာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ဖို့ ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ ကိုဗစ်ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုအပေါ်မူတည်ပြီး Stay at Home ကင်းလွတ်မြို့နယ်တွေက စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ဖွင့်လှစ်နိုင်ရေး ၊ တန်ခိုးကြီးဘုရားပုထိုး၊စေတီတွေ ဖူးမြော်ခွင့်နဲ့ ဘုန်ကြီးကျောင်း ၊ ဗလီ ၊ Church ကျောင်းတွေမှာ ဥပုသ်သီလဆောက်တည်ခြင်း ၊ ဝတ်ပြုခြင်း တွေကို လူဦးရေအကန့်အသတ်နဲ့ အကြိမ်အရေအတွက်ခွဲပြီး ပြုလုပ်နိုင်ဖို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။



ဒါကြောင့် Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ တိုင်းဒေသကြီး / ပြည်နယ်များက တန်ခိုးကြီးဘုရား ၊ ပုထိုး ၊ စေတီတွေမှာ နေ့စဉ် နံနက်တစ်ကြိမ် ၊ နေ့လယ်တစ်ကြိမ် လူဦးရေ အကန့်အသတ်နဲ့ ဖူးမြော်ခွင့်ပြုနိုင်ရေး ၊ ဘုန်ကြီးကျောင်း ၊ ဗလီ ၊ Church ကျောင်းတွေမှာ ဥပုသ်သီလဆောက်တည်ခြင်း ၊ ဝတ်ပြုခြင်းတွေကို တစ်လလျှင် လေးကြိမ် ၊ လူဦးရေ (၃၀)ထက်မပိုဘဲ ခွင့်ပြုနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရန်နဲ့ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအပေါ်မူတည်ပြီး ချက်ချင်းပြန်လည် ရပ်ဆိုင်းနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ထားဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကိုတော့ နိုဝင်ဘာလ(၁၇)ရက် ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး ကိုဗစ်ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဌ ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဆွေးနွေးမှုတွေအတွက် လိုအပ်တဲ့ ဆုံးဖြတ်လမ်းညွှန်ချက်ပေးခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က