ကိုဗစ်ကန့်သတ်မှုတွေ ဖြေလျှော့မှုတွေကြောင့် ခရီးသွားလာနိုင်ဖို့အတွက် ပြေးဆွဲမှာပါ။
Mi Thawdar Aung

ကိုဗစ်-၁၉ ကန့်သတ်ဖြေလျှာ့မှုတွေကြောင့် ခရီးသွားလိုသူတွေ ရှိပါက အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲဖို့ အဆင်သင့်ရှိနေတယ်လို့ အောင်မင်္ဂလာ အဝေးပြေးဂိတ်ကနေ သိရပါတယ်။

နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးကို ခရီးသွားဖို့ အကြောင်းကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာကျန်းမာရေးဌာနတွေမှာ ဆေးစစ်မှုခံယူပြီး ပိုးမရှိပါက သွားလာစေရေးနဲ့ ပိုးမရှိကြောင်း ထောက်ခံချက်ပါရင် ရောက်တဲ့မြို့မှာ ကွာရန်တင်းဝင်စရာမလိုတော့ဘဲ သွားလာခွင့်ပြုရေးတို့ကို နိုဝင်ဘာ (၁၇) ရက်က ကိုဗစ်-၁၉ ထိန်းချုပ်ကုသကာကွယ်ရေးဗဟိုအဆင့်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါဆွေးနွေးချက်တွေအရ မြို့နယ်အဝင်အထွက်တွေမှာ ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့လာပါက ခရီးသွားလာမှုတွေ ပြုလုပ်နိုင်ဖို့ အတွက် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က Duwun ကိုပြောပါတယ်။

“ ကျန်းမာရေးအရစစ်ဆေးမယ်။ စစ်ဆေးပြီးရင်သွားခွင့်ပြုမယ်ဆိုပြီး မနေ့က အမေစုတို့ ဆွေးနွေးပွဲမှာ ပြောတယ်ပေါ့နော်။ အဲဒီတော့ ဆရာတို့အမြင်က တစ်ဖြည်းဖြည်းနဲ့ ပြန်ပြီးခွင့်ပြုလာမယ်ထင်ပါတယ်။ ဒီလိုသွားလို့ရမယ်ဆိုရင် အဝေးပြေးလိုင်းတွေ ပြန်ပြေးဆွဲမယ်” လို့ ဒေါက်တာမောင်အောင်က ဆိုပါတယ်။

လတ်တလောမှာ အဝေးပြေးယာဉ်လိုင်းတွေကို တရားဝင် ပြေးဆွဲခွင့်ပိတ်သိမ်းထားတာမျိုးမဟုတ်ပေမယ့် မြို့နယ်အများစုက Stay at Home အကျုံးဝင်နေတဲ့အပြင် မြို့ အဝင်/အထွက်တွေမှာ ကိုဗစ်ကန့်သတ်ချက်တွေ၊ ကွာရန်တင်းဝင်ရမယ့် ဖြစ်စဉ်တွေကြောင့် လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေ မရှိတော့တာဖြစ်တယ်လို့ အဝေးပြေးယာဉ်လိုင်းတစ်ချို့ထံကနေသိရပါတယ်။

ဒါကြောင့် စက်တင်ဘာလဆန်းပိုင်းလောက်ကစတင်ကာ အဝေးပြေးယာဉ်လိုင်းတွေ ပိတ်သိမ်းထားခဲ့တာဖြစ်ပြီး အခုလိုဖြေလျှော့မှုတွေကြောင့် ခရီးသွားတွေရှိလာရင် ကိုဗစ်-၁၉ စည်းကမ်းချက်နဲ့ အညီပြေးဆွဲနိုင်ဖို့ စီစဉ်ထားပြီးသားဖြစ်တယ်လို့လည်း JJ Express အဝေးပြေးယာဉ်လိုင်းမှ မန်နေဂျာ မကျော့ကျော့သက်က Duwun ကိုပြောပါတယ်။

“ ခရီးသွား demand ရှိလာရင် အစ်မတို့မှ မဟုတ်ပါဘူး။ ယာဉ်လိုင်းတွေ အားလုံးထွက်ချင်ကြတယ်။ ဘာလို့လဲဆိုတော့ကားတွေက ရပ်ထားတာကြာနေပြီ။ ဝန်ထမ်းတွေရဲ့ အခက်အခဲတွေလည်း ရှိနေတယ်။အကုန်လုံးက ပြန်ထွက်ချင်နေကြတယ်။ခရီးသွားမယ့်သူတွေ ရှိလာပြီ။ ခုနက ပြောတဲ့ ကိုဗစ်ဖြေလျှော့မှုတွေ၊ ကူးစက်မှုတွေ လျော့လာရင် သွားကြမယ်ထင်တယ်။ သွားကြမယ်ဆိုရင် အစ်မတို့ ယာဉ်လိုင်းတွေက ပြေးဆွဲဖို့ အဆင်သင့်ရှိတယ်။အစ်မတို့ဆို Dream Bed လိုစီစဉ်ထားတယ်။ ရောဂါအတွက် Safe ဖြစ်အောင်လည်းလုပ်ထားတယ်။” လို့ မကျော့ကျော့သက်က ဆိုပါတယ်။

ဒါ့အပြင် မနေ့က ပြုလုပ်တဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေးဗဟိုအဆင့်အစည်းအဝေးမှာ ပြည်တွင်းလေကြောင်းတွေကို ပြန်လည်ဖွင့်ခွင့်ပေးမယ်လို့ ဆွေးနွေးထားခဲ့ပြီး လက်ရှိအချိန်ထိတော့ တစ်စုံတစ်ရာညွှန်ကြားချက် မရသေးဘူးလို့လည်း ပြည်တွင်းလေကြောင်းလိုင်းအချို့ကနေ သိရပါတယ်။

“ မနေ့က သတင်းစာမှာတော့ ဆွေးနွေးထားတာသိထားတယ်။ အခုထိတော့ ဘာမှ မကြေညာသေးဘူး။ အခုကတော့ ဆရာတို့လကုန်ထိပိတ်ထားတယ်။သူတို့ ကြေညာရင်တော့ ဖွင့်မှာပေါ့။ဖွင့်တာက မြန်ပါတယ်” လို့ မြန်မာအမျိုးသားလေကြောင်းလိုင်း မှ CEO ဦးသန်းထွန်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှု ဒုတိယအကြိမ်ပြန်လည်စတင်ပြီးတဲ့နောက် ပြည်တွင်းလေကြောင်းခရီးစဉ်အားလုံးကို အောက်တိုဘာလ ၁ ရက်နေ့ကနေနိုဝင်ဘာ (၃၀) ရက်နေ့အထိ ရပ်နားထားခဲ့တာဖြစ်ပါတယ်။

 ဒါ့အပြင် မြို့နယ်အဝင်/အထွက်တွေမှာ ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို test kit တွေနဲ့ ချက်ချင်းစစ်ဆေးပြီး ဝင်ထွက်ခွင့်ပြုနေသလို အိမ်စီးယာဉ်တွေနဲ့ ခရီးသွားဧည့်သည်တွေကိုတော့ ကွာရန်တင်း (၃)ရက်ဝင်ရောက်စေကာ (၃)ရက်အတွင်း ဓာတ်ခွဲစစ်ဆေးပြီးလို့ ရောဂါပိုးမတွေ့ရှိရင် ဆက်လက်သွားလာခွင့်ပြုနေတာ ဖြစ်တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က