မန္တလေးတိုင်းဒေသကြီးမှာ Stay at Home သတ်မှတ်ခံထားရတဲ့မြို့နယ် သုံးခုရှိပါတယ်။

ဘုရားစေတီတွေပြန်လည်ဖူးမြော်ခွင့်ပြုလိုက်ပြီဆိုတာနဲ့ ဘုရားဖူးပြည်သူတွေအဆင်ပြေချောမွေ့စွာဝင်ရောက်ဖူးမြော်နိုင်ဖို့အတွက် မန္တလေးမြို့ရဲ့အထင်ကရ တန်ခိုးကြီးဘုရားတွေမှာအသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

Stay at Home အစီအစဉ်ထဲမပါဝင်တဲ့မြို့နယ်တွေထဲက ဘုရားကျောင်းကန်အစရှိတဲ့သာသနိကအဆောက်အဦတွေမှာ ဘုရားဖူးမြှော်ခွင့်အပါအဝင် ဘာသာရေးကိစ္စဆောင်ရွက်ခွင့်တွေကို ကန့်သတ်ချက်နဲ့ပြန်ခွင့်ပြုဖို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက မနေ့ကဆွေးနွေးခဲ့ကြပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။



ဒါနဲ့ပတ်သက်လို့ မန္တလေးမဟာမုနိဘုရားကြီးဂေါပကအဖွဲ့ထံဆက်သွယ်မေးမြန်းကြည့်တာမှာတော့ ဂေါပကအဖွဲ့အတွင်းရေးမှူးဦးကျော် ကျော်ဦးကအခုလိုပြောပါတယ်။ "ညွှန်ကြားချက်တော့မလာသေးပါဘူး၊ ပြန်ဖွင့်ခွင့်ရတဲ့အခါအသင့်ဖြစ်အောင်လို့တော့ အများကြီးပြင်ဆင်ထားပြီးပါပြီ၊ ကျွန်တော်တို့ဘက်ကတော့ လုပ်စရာရှိတာတွေ အကုန်လုပ်နေတာပါပဲ၊ ပန်းခြံတွေပြုပြင်တာ စောင်းတန်းတွေပြင်ဆင်တာတွေစသဖြင့်ပေါ့ လှပအောင်ပြုပြင်နေကြတာပါ ဖွင့်ခွင့်ရတာနဲ့ ဘုရားဖူးတွေရောက်လာတဲ့အခါ အဆင်သင့်ပါပဲ" လို့ ၎င်းကဆိုပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီတို့ဆွေးနွေးကြတဲ့အထဲမှာ Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်တွေထဲကမှ A အဆင့်သတ်မှတ်ခြင်းခံရတဲ့ စားသောက်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်တွေကို နိုဝင်ဘာလကုန်မှာ ပြန်ဖွင့် ခွင့်ပြုနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေက တန်ခိုးကြီးဘုရားပုထိုးစေတီတွေကို နေ့စဉ် မနက်တစ်ကြိမ်နေ့လယ်တစ်ကြိမ် လူဦး ရေကန့်သတ်ချက်နဲ့ဖူးမြော်ခွင့်ပြုနိုင်ရေးတို့ပါဝင်ခဲ့တာမှာ အဲဒီကိစ္စရပ်တွေအပေါ် ပြည်သူလူထုစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။

"ကျွန်တော်တို့လည်းသတင်းတွေအရပဲသိရသေးတာပါ၊ ဘုရားဖူးအယောက် ၃၀ ကန့်သတ်ထားတယ်တို့ဘာတို့ပေါ့၊ စာတော့မရောက်သေးပါဘူး၊ ရောက်လာရင်တော့ စနစ်တကျနဲ့လုပ်ရမှာပါပဲ၊ တောင်တော်သာယာလှပရေးအတွက် သန့်ရှင်းရေးတွေကတော့ တောက်လျှောက်လုပ်နေတာပါပဲ အခုထိတော့ညွှန်ကြားချက်မ လာသေးပါဘူး" လို့ မန္တလေးတောင်တော်ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဆွေးနွေးပွဲမှာ ရောဂါကူးစက်ပျံ့နှံ့မှုအပေါ်မူတည်လို့ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်တွေထဲက ဘုရားစေတီတွေဖူးမြော်ခွင့်ပြုရေး၊ ဘာသာရေးဆိုင်ရာနေရာတွေမှာ ဥပုသ်သီလဆောက်တည်ခြင်းနဲ့ဝတ်ပြုဆုတောင်းခြင်းတွေကို တစ်လမှာလေးကြိမ် လူဦးရေ ၃၀ ထက်မပိုဘဲခွင့်ပြုနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ဆွေးနွေးခဲ့ကြတာပါ။

မန္တလေးတိုင်းဒေသကြီးမှာ Stay at Home သတ်မှတ်ခံထားရတဲ့မြို့နယ် သုံးခုရှိတာမှာ အဲဒါတွေကတော့ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နဲ့ အမရပူရမြို့နယ်တို့ဖြစ်ပြီး မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ကမြို့နယ်အားလုံး၊ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ကိုကိုးကျွန်းကလွဲလို့တစ်တိုင်းလုံး၊ ပဲခူးတိုင်းမှာ ပဲခူး ကဝနဲ့သနပ်ပင်မြို့၊ မွန်ပြည်နယ်မှာ မော်လမြိုင်နဲ့ဘီးလင်းမြို့၊ ကချင်ပြည်နယ်မှာ မိုးညှင်းနဲ့ဖားကန့်မြို့၊ ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ် ဖျာပုံ မအူပင်နဲ့ကျိုက်လတ်မြို့နယ်တို့ Stay at Home သတ်မှတ်ခံထားရတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က