ထောက်ပံ့ငွေ ပေးရာမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
Ei Ei Mar

ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်မှာ ထောက်ပံ့ကြေးကိစ္စ နဲ့ပတ်သက်ပြီး အမှတ် ၄ ရပ်ကွက်က အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပေးဖို့အတွက် လူပေါင်း ၂၅ ဦးက ဆန္ဒပြ တောင်းဆိုမှုပြုလုပ်ခဲ့ကြပါတယ်။

အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေး မှူးက ရွေးကောက်ပွဲအပြီး အစိုးရကထောက်ပံ့တဲ့ ငွေကျပ် ၂၀,၀၀၀ ထောက်ပံ့မှုနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာကြောင့် ဒီနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ အုပ်ချုပ်ရေးမှူး ကို ဖြုတ်ချဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ဦးတင်ထွန်းကပြောပါတယ်။

 "ထောက်ပံ့တာလည်း ပွင့်လင်းမြင်သာမှုမရှိဘူး။ လမ်းတွေမှာ မူးရူးသောက်စားပြီး ရမ်းကားကြတာနဲ့ပတ်သက်ပြီး ရပ်ကွက် အုပ်ချုပ်ရေး မှူးပြောတော့လည်းအရေးယူမပေးဘူး။ခံဝန်လက်မှတ်ထိုးပေးဖို့ဆိုတာတောင် သူ့ဆီမှာမရှိပါဘူး။သူ့ကတဖက်စောင်းနင်းအုပ်ချုပ်နေလို့ ဆန္ဒပြ တာပါ။ခုရွေးကောက်ပွဲ အပြီးထောက်ပံ့ကြေးမှာ ကျနော်တို့ ၁၆၅၀၀ ရတယ်။ ဘာမှမရှင်းပြဘူး။ ဝန်းရံသူမရှိဘူး။တစ်ယောက်ကို ၆ ပေအကွာဆန္ဒပြတယ်။ မက်စ်တပ်ထားပါတယ်။"လို့ ဦးဆောင်သူ ဦးတင်ထွန်းက ပြောပါတယ်။

ဆန္ဒပြပွဲကို အမှတ် ၄ ရပ်ကွက် အလောင်းဘုရားလမ်းမှစတင်ကာ ဈေးလမ်း၊ ရန်ကုန်-ပြည်လမ်း တလျှောက်ကို လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပြီး အဲဒီကမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တည်ရှိရာ စာတိုက်လမ်းမှ ကျွန်းတောလမ်း၊အလောင်းဘုရားလမ်းတွင် ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - WZK

"နိုင်ငံတော်က ထောက်ပံ့ငွေပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိဘဲ နီးစပ်ရာကိုသာ ပေးခဲ့ပြီး အမှန်တကယ် ဆင်းရဲသား လက်လုပ်လက်စားများ ရရှိခြင်းမရှိခဲ့သော အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး -----အလိုမရှိ" ဆိုတဲ့ကြွေးကြော်သံကို့ကြွေးကြော်ပြီး ဆန္ဒပြ ခဲ့တာဖြစ်ပါတယ်။

"အိမ်ခြေ ၇၀၀ ကျော်ပါတယ်။ကျနော်တို့ ပထမ စာရင်းတင်တာ ၃၈၉ ဦးတရားဝင်တင်တယ်။ အနယ်နယ်အရပ်ရပ်က ပြန်လာတဲ့သူတွေရယ်။အိမ်ကိုလာပြောတဲ့သူတွေကလည်း သူတို့မပါတော့ထည့်ပေးပါအုံးပြောတယ်ကျန်ရစ်ခဲ့သူတွေရယ်။ ရပ်ကွက် သူရပ်ကွက် သားနဲ့တိုင်ပင်တယ်၊ အလုပ်လုပ်သွားတဲ့သူတွေကလည်း ပြန်လာတော့သူတို့အခက်အခဲတွေလည်းပြောပြတော့ အားလုံးနဲ့အစည်းအဝေးထိုင်ပြီးမှ ဒီလူတွေကျန်ခဲ့တယ် ဒီလူတွေကိုပေးသင့်လားဆိုတော့ ပေးသင့်ပါတယ် အကုန်လုံးလဲဒုက္ခရောက်နေတယ် တရပ်ကွက်လုံး လည်းကျပ်သပ်နေတယ် ပေးသင့်ပါတယ်ဆိုပြီးပထမစာရင်းပါတဲ့ ၃၈၉ ဦးကို ၁၆၅၀၀ပေးတယ်။နောက်တိုး ၁၃၆ ယောက်ကို ၁၀၀၀၀စီပေးတယ်။ အရင်ကလည်းအေးအေးချမ်းချမ်းပြီးတယ်။ ခုတခါလဲအေးအေးချမ်းချမ်းပြီးတယ်။သူတို့ကဒီပြင်ဟာနဲ့ဆက်နွယ်ပြီး ပြတာပါ။"လို့ ဆန္ဒပြ ခံရတဲ့ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းကပြောပါတယ်။

အဲ့ဒီ ၄ ရပ်ကွက် မှာတော့ အစိုးရက ထောက်ပံ့တဲ့ ထောက်ပံ့ကြေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထောက်ပံ့ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

အလွတ်တတန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က