ကျန်းမာရေးဝန်ထမ်း (၂၄၀)ကျော်ထိ ကူးစက်ခံထားရတာပါ။

ရန်ကုန်ဆေးရုံကြီးမှာ ကိုဗစ်ကူးစက်ခံရတဲ့ ဆရာဝန်အရေအတွက် မြင့်တက်လာတာကြောင့် ဆေးရုံမှာ ဆရာဝန်အခက်အခဲတွေရှိလာတဲ့အတွက် volunteer (စေတနာဝန်ထမ်း) အဖြစ် လုပ်ချင်တဲ့သူတွေကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ 

ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေအပါအဝင် တခြားသောကျန်းမာရေးဝန်ထမ်း အယောက် (၂၄၀)ကျော် ကိုဗစ်ကူးစက်ခံထားရပါတယ်။ ကိုဗစ်ကူးစက်ပျံ့နှံ့မှုက ကာလရှည်လာနဲ့ အမျှ ဆရာဝန်တွေအနေနဲ့ ကုသမှုတွေပေးနေကြရာမှာ အားလုံးက ပင်ပန်းလာကြတဲ့အခြေအနေတွေဖြစ်လာကြပြီလို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦးက Duwun ကိုပြောပါတယ်။ 



" ဆရာဝန် အခက်အခဲကတော့ ရှိတာပေါ့၊ ရှိနေတဲ့ ဆရာဝန်တွေကလည်း ကာလကြာလာတဲ့အခါကြတော့ ပင်ပန်းလာကြပြီ။ ကူးစက်ခံရတဲ့ ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေကလည်း (၂၄၀)ကျော်လောက်ရှိပြီဆိုတော့ ရှိတဲ့ အင်အားနဲ့ပဲလုပ်နေရတယ်။အခုဆို တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်အောင် volunteer အဖြစ် လုပ်ချင်တဲ့သူတွေကိုတော့ဖိတ်ခေါ်ထားတယ်" လို့  ပါမောက္ခဒေါက်တာမော်မော်ဦးက ပြောပါတယ်။ တစ်နိုင်လုံးက ကိုဗစ်လူနာ (၇)သောင်းကျော်မှာ ရန်ကုန်က (၅)သောင်းကျော်ထိပါဝင်ပြီး ကူးစက်မှု အများဆုံး တိုင်းဒေသကြီး တစ်ခုဖြစ်သလို သေဆုံးလူနာ (၁၆၀၀)ကျော်မှာလည်း ရန်ကုန်က (၁၄၀၀)ကျော်ထိပါဝင်နေတာပါ။ ရန်ကုန်မှာက လူနာအများဆုံးဖြစ်တဲ့အတွက် ဆရာဝန်အခက်အခဲရှိတဲ့နေရာမှာ ရန်ကုန်ဆေးရုံကြီးတစ်ခုတည်းတင်မဟုတ်ဘဲ တခြားကုသရေးဆေးရုံတွေနဲ့ စင်တာတွေမှာပါ လိုအပ်လျှက်ရှိနေတာပါ။

ရန်ကုန်ရဲ့ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်တွေကို အထိုက်အလျှောက်ဖြေလျော့ နိုင်ဖို့ အတွက် တခြားတိုင်းနဲ့ ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေလာရောက် အားဖြည့် ကူညီဆောင်ရွက်ပေးနေတာတွေလည်း ရှိနေပါတယ်။

 ကူးစက်မှုတွေများနေပြီး ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်တွေရှိနေပေမယ့်လည်း တိုင်းနဲ့ ပြည်နယ်အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် volunteer အဖြစ်ဆောင်ရွက်လိုသူတွေပါ လာရောက်ကူညီနေတာတွေရှိတဲ့အတွက် ကုသရေးအပိုင်းမှာ လုံးဝမလုပ်နိုင်၊ မကိုင်နိုင်လောက်တဲ့အနေအထားထိတော့ ရှိလာမှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာထွန်းမြင့်က နိုဝင်ဘာလ (၁၈)ရက်နေ့က တိုင်းကျန်းမာရေးဦးစီးဌာနနဲ့ မီဒီယာတွေတွေ့ဆုံတဲ့ zoom meeting မှာ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က