ပိုးတွေ့ဝန်ထမ်းရဲ့ မိသားစုဝင်တွေလည်း ကူးစက်ခံထားရပြီး သူနဲ့ အလုပ်အတူလုပ်တဲ့ ရုံးဝန်ထမ်း ၆ ဦးကိုလည်း ကွာရန်တင်းထားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရုံးစာရေးမတစ်ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရတာကြောင့် တိုင်းအစိုးရအဖွဲ့ရုံးလုပ်ငန်းတွေကို ယာယီရပ်နားထားလိုက်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့မှသာ ရုံးပြန်ဖွင့်မှာဖြစ်တယ်လို့  လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးကပြောပါတယ်။

"သူ့အခန်းမှာရှိတဲ့သူတွေကို ကွာရန်တင်းထည့်ထားတယ်။ဒီနေ့ ရုံးခန်းတိုင်းကို ပိုးသတ်ဆေးဖြန်းထားပြီး ရုံးကိုခဏ နားလိုက်တယ်။ တနင်္လာနေ့မှ ရုံးပြန်ဖွင့်မယ်။ ဒါ့အပြင် ပိုးတွေ့ သူရဲ့ မိသားစုဝင် မှာလည်း ရောဂါပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အားလုံးကို ကျန်းမာရေးကုသမှုပေးနေတယ်လို့ ပြောပါတယ် "လို့ ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပြပါတယ်။



ပိုးကူးစက်ခံရတဲ့ ဝန်ထမ်းက စာပေးစာယူဌာနစိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အငယ်တန်းစာရေးမတစ်ဦးဖြစ်ပြီး မနေ့ ( နိုဝင်ဘာ ၁၈ ရက်နေ့) က ရောဂါလက္ခဏာ သံသယရှိကြောင်း ကာယကံရှင်ရဲ့ပြောဆိုမှုကြောင့် စစ်ဆေးခဲ့ရာမှ  Covid-19 ပိုး ကူးစက်ခံခဲ့ရကြောင်းကိုသိရှိခဲ့ရတာဖြစ်ပါတယ်။ အဆိုပါစာရေးမရဲ့ မိသားစုဝင်တွေမှာလည်း ပိုးကူးစက်ခံထားရကာ ဌာနစိတ်တစ်ခုတည်း အတူတကွအလုပ်လုပ်ရတဲ့ ထိတွေ့မိသူ ရုံးဝန်ထမ်း ၆ ဦးကို ကွာရန်တင်းနေထိုင်စေတယ်လို့သိရပါတယ်။

"တယောက်တွေ့တယ်။မနေ့ကတွေ့တာပါ။သူကကျတော့ သံသယလက္ခဏာရှိတဲ့အချိန်မှာလာပြောလို့စစ်လိုက်တာပါ စစ်တဲ့အချိန်မှာ ပိုးတွေ့တော့သူ့ကို ကုသမှုပေးနေတာပါ။ သူတစ်ယောက်ထဲမဟုတ်ဘူး။ သူ့မိသားစု ၃ ယောက်တွေ့တာပါ။ ခု သူ့မိသားစု ၃ ယောက်ကိုလည်း ကုပေးနေပြီ။ဆက်စပ်ကွန်တက်တွေကိုလဲ ထားပြီးတော့လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေတယ်။"လို့ ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။ 

လက်ရှိ ပဲခူးတိုင်းတစ်တိုင်းလုံးမှာ ကိုဗစ်ပိုးတွေ့ရှိမှုက ၃၇၀၀ ကျော်အထိရှိနေကာ ၊မြန်မာနိုင်ငံမှာ ပိုးတွေ့ရှိမှု ဒုတိယအများဆုံး တိုင်းဒေသ ကြီးဖြစ်ပါတယ်။ ဒါကြောင့် နေအိမ်ပြင်ပကိုထွက်တိုင်းမက်စ်တက်ဖို့၊ လက်ကိုခဏခဏဆေးဖို့၊ လူစုလူဝေးကို ရှောင်ဖို့ ၊မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ ကျန်းမာရေးဌာနကထုတ်ပြန်ချက်တွေကို လိုက်နာဖို့ ကျန်းမာရေးတာဝနိရှိသူတွေက အသိပေးပြောဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က