မြဝတီ ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်းဟာ ကိုဗစ် ဒုတိယလှိုင်းမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို သွားရောက်ပြီးနှစ်လနီးပါးအကြာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြောင်းနဲ့ အဲဒီကနေ မြဝတီကိုပြန်လည်ရောက်ရှိချိန်မှာတော့ ပိုးတွေ့ရှိမှုမရှိခဲ့ဘူးလို့သိရပါတယ်။
Ei Ei Mar

မြဝတီခရိုင်ပြည်သူ့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်းနဲ့ ဆရာဝန်တစ်ဦးမှာ ကိုဗစ်ကူးစက်ခံထားရတာကြောင့် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့က မြဝတီခရိုင်ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ဆေးမှုအရ ဆေးရုံအုပ် ဒေါက်တာနန္ဒာဝင်းမှာ ကိုဗစ်ပိုးတွေရှိခဲ့ရတာကြောင့် ထိစပ်မိတဲ့ ကျန်းမာရေးဝန်ထမ်း တွေကို ထပ်မံစစ်ဆေးခဲ့ရာမှ ဆရာဝန်တစ်ဦးမှာပါ ကိုဗစ်ပိုးကူးစက်ခံထားရတာကိုသိရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ဒီကိစ္စ နဲ့ပတ်သက်ပြီး မြဝတီဆေးရုံအုပ် ဒေါက်တာနန္ဒာဝင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ""အခုတော့ နည်းနည်းနုန်းနေတော့.မောနေတာပေါ့။ မြဝတီပြန်ရောက်လို့ စစ်တုန်းကမတွေ့ဘူး။ နောက်တစ်ခေါက် ၁၂ ရက်ကြာတော့မှ ဒီကြားထဲမှာ မသင်္ကာလို့စစ်တော့တွေ့တာပါ။ အကုန်လုံး ကျွန်တော်နဲ့ထိတွေ့သူတွေကိုစစ်တာ negative ပါ။ ကျွန်တော်နဲ့ ဆရာဝန်လေးပဲ positive။ ကျွန်တော်တို့ လူနာနဲ့ထိတွေ့မှုဆိုတာ အောက်ဆီဂျင်ကျတာကို လမ်းမှာတွေ့လို့လာပြောလို့ လမ်းမှာခဏရပ်ပြီးဖြေပေးလိုက်ရတာပဲရှိတယ်။ (လာမေးတဲ့) အဲဒီလူကျ (ပိုးတွေ့လူနာနဲ့တိုက်ရိုက်ထိတွေ့ခဲ့တဲ့သူ) စစ်ကြည့်တော့ negative ဗျ။ အဲဒီလိုမျိုး သူ့ဆီမှာမရှိဘဲ ကိုယ့်ဆီပဲပိုးကူးတယ်ပဲလားမသိပါဘူး။ ရန်ကုန်မှာနေတုန်းက level 2 ဝတ်ထားတယ်။ အခုကမဝတ်မိဘူး။"လို့ ပြောပြပါတယ် ။

ဓာတ်ပုံ - ဒေါက်တာနန္ဒဝင်း FB

မြဝတီ ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်းဟာ ကိုဗစ် ဒုတိယလှိုင်းမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို သွားရောက်ပြီးနှစ်လနီးပါးအကြာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြောင်းနဲ့ အဲဒီကနေ မြဝတီကိုပြန်လည်ရောက်ရှိချိန်မှာတော့ ပိုးတွေ့ရှိမှုမရှိခဲ့ဘူးလို့သိရပါတယ်။

"မနေ့က ခရိုင်ဆေးရုံအုပ် ဆရာဝန်ကြီးက ကြွက်သားတွေနာလို့ မြဝတီခရိုင်ဆေးရုံရဲ့ ကိုဗစ်စစ်ဆေးစက်ဖြင့် ထပ်မံစစ်ဆေးရာမှာ covid. 19 ရောဂါပိုးတွေ့ရှိခဲ့တာပါ။ခရိုင်ဆေးရုံအုပ်နဲ့ ထိတွေ့မှုရှိခဲ့တဲ့ ဆေးရုံဝန်ထမ်းတွေနဲ့ contact persons (တခြားထိတွေ့မှုရှိသူတွေ)ကို ဆက်လက်စစ်ဆေးခဲ့ရာမှာ ဆေးရုံအုပ်နဲ့ အနီးကပ် ထိတွေ့မှုရှိခဲ့တဲ့ ဆရာဝန်တစ်ဦး မှာ ကိုဗစ်ပိုးတွေ့ရှိရတယ်။ ကျန်သူတွေမှာတော့ ကိုဗစ်ပိုး မတွေ့ရှိရဘူး" မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးတေဇာအောင်ကပြောပါတယ်။

မြဝတီမြို့မှာတော့  ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ချက်တွေအရ ကိုဗစ်ပိုးတွေ့လူနာ ၁၃၀ ကျော်ရှိပြီး အဲဒီထဲမှာ ရောဂါသက်သာလို့ ဆေးရုံကဆင်းရသူ ၁၁၂ ဦးနဲ့ သေဆုံးသူ ၁ ဦးရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိ ကရင်ပြည်နယ်တစ်ခုလုံးရဲ့ ကိုဗစ်ကူးစက်မှု အခြေနေကတော့ ကိုဗစ်အတည်ပြုလူနာပေါင်း ၅၀၀ ကျော်ရှိပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေသူက ၁၀၀ ကျော်သာရှိတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က