ဆောင်းရာသီကို စတင်ကူးပြောင်းချိန်ဖြစ်ပြီး သဘာဝအားဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုဖြစ်စေနိုင်တဲ့အတွက်သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုမိုကူးစက်မှုမရှိစေရေးအတွက် ပြည်သူလူထုအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းပန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ အညီလိုက်နာဆောင်ရွက်ကြဖို့နဲ့ နေအိမ်တွေမှာသာ တတ်နိုင်သမျှ နေထိုင်ကြဖို့ နှိုးဆော်ပန်ကြားချက်တစ်စောင်ကို ဒီကနေ့ နိုဝင်ဘာ (၁၉) ရက်ညပိုင်းက ထုတ်ပြန်လိုက်တာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေမှာ ဆောင်းရာသီကိုစတင်ကူးပြောင်းချိန်ဖြစ်ပြီး သဘာဝအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုးတွေအတွက် ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုဖြစ်စေနိုင်တဲ့ ကာလဖြစ်တဲ့အပြင်မကြာခင်ရောက်လာမယ့် ပွင့်လင်းရာသီအချိန်တွေနဲ့ အများပြည်သူရုံးပိတ်ရက်ရှည်တွေမှာ ပြည်သူလူထုအနေနဲ့ ခရီးသွားလာပါက ရောဂါကူးစက်မှုပိုမိုပြန့်ပွားစေနိုင်တယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။



ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၇) ရက်က ပြုလုပ်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီအစည်းအဝေးမှာ နိုဝင်ဘာ (၂၁) ရက်ကနေ ဒီဇင်ဘာ (၅) ရက်အထိကာလအတွင်း ပြည်သူများ နေအိမ်မှာနေထိုင်ဖို့ ပန်ကြားချက်ထုတ်ပြန်မယ်လို့ ဆွေးနွေးခဲ့ပြီးတဲ့နောက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ဒီကနေ့မှာ ပြည်သူတွေကို အသိပေးပန်ကြားချက်ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ (၈) ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲနောက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ လူစုလူဝေးတွေကြောင့် ရောဂါကူးစက်မှု ဖြစ်ပွားမှု တိုးမြှင့်ခြင်းရှိ၊မရှိ စောင့်ကြပ်ကြည့်ရှုပြီး ကာကွယ်ထိန်းချုပ်ခြင်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အထူးအစီအစဉ်အနေနဲ့လည်း တိုင်း/ပြည်နယ်အစိုးရအဖွဲ့တွေ ဦးဆောင်ပြီး မျက်နှာနဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Camping)နဲ့ မျက်နှာနဲ့ နှာခေါင်းစည်၊မျက်နှာအကာနဲ့ လက်ကမ်းစာစောင်တွေ အခမဲ့ပေးဝေတာ၊ လက်ကိုင်အသံချဲ့ စက်တွေနဲ့ အသိပညာပေးတာတွေကို တိုင်း၊ပြည်နယ်အသီးသီးမှာ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ (၁၉) ရက် ည (၈) နာရီအထိ ကိုဗစ်အတည်ပြုလူနာ ၇၄,၈၈၂ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၅၅,၆၃၃ ဦးနဲ့ သေဆုံးလူနာ ၁၆,၇၆ ဦးရှိနေတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က