ဝန်ထမ်း (၁၁)ဦးနဲ့ ကျောင်းသား (၇၃)ဦးကူးစက်ခံရတာပါ။

ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်ရှိကျိုက်ဝိုင်း လူငယ် သင်တန်းကျောင်းမှ ဝန်ထမ်း (၁၁)ဦးနဲ့ ကျောင်းသား (၇၃) ဦး စုစုပေါင်း (၈၄) ဦးကျော် ကိုဗစ် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ 

အဆိုပါသင်တန်းကျောင်းက ဝန်ထမ်းတွေနဲ့ ကျောင်းသား စုစုပေါင်း အယောက် (၁၀၀)ကျော်ကို စစ်လိုက်ရမှာ(၈၀)ကျော်မှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 



“ ၁၈ရက်နေ့က ဝန်ထမ်း ၂၆ ဦးကိုစစ်တော့ (၁၁)ဦးမှာပိုးတွေ့တယ်။ ကလေးတွေက ၂၉ ဦးပိုးတွေ့တယ်။ မနေ့က ၁၉ရက်နေ့က ကျောင်းကကျန်တဲ့ဝန်ထမ်းတွေ ကျောင်းသားအားလုံးတွေကို စစ်လိုက်တဲ့အခါမှာ ကျောင်းသား (၄၄)ဦးမှာထပ်တွေ့တယ်ဆိုတော့ အားလုံး (၈၄)ဦးဖြစ်သွားတာပေါ့ ။ လူနာတွေအားလုံးကို ရိုးမစင်တာမှာပဲ ပို့ပြီးတော့ ကုသမှုပေးနေပါတယ်။ အားလုံးဖျားခြင်း၊နာခြင်းလုံးဝမရှိဘူး ကျန်းမာရေးကောင်းပါတယ်”လို့ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က Duwunကို ပြောပါတယ်။

လက်ရှိကျောင်းမှာ ကျောင်းအုပ်ကြီးအပါအဝင် negativeဖြစ်လို့ ကျန်ခဲ့တဲ့သူ (၁၅)ဦးလောက်ကိုတော့ ကျောင်းမှာပဲ အသွားအလာ ကန့်သတ်ထားတယ်လို့သိရပါတယ်။ ကိုဗစ်ကာလအတွင်းမှာ သင်တန်းကျောင်းက ကလေးတွေက အပြင်အသွားအလာကိုလုံးဝမရှိအောင် စည်းကမ်းတင်းကြပ်ထားတာဖြစ်ပါတယ်။ 

ကျောင်းက ဝန်ထမ်းတွေအနေနဲ့သာ အိမ်ပြန်သွားလာမှုတွေရှိတာကြောင့်အပြင်ထွက်သွားလာနေတဲ့ ဝန်ထမ်းတွေကနေပဲ ကူးစက်မှုဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြတာပါ။ လက်ရှိမှာတော့ အဆိုပါကျောင်းဝန်းတစ်ခုလုံးကို ပိုးသတ်ဆေးဖြန်းတာတွေဆောင်ရွက်ထားပြီး လူအဝင်၊အထွက် အသွားအလာတွေကိုတော့ ကန့်သတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က