ကလေးတွေကိုလည်း စခန်းမှာပဲခေါ်ယူထိန်းသိမ်းထားပါတယ်။
Ei Ei Htun

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ပေါင်မုန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်ဇနီးမောင်နှံနှစ်ဦးကို ကလေးအလုပ်သမားများကို ညှင်းပန်းနှိပ်စက်မှုနဲ့အမှုဖွင့်ဖမ်းဆီးထားပြီး လုပ်ငန်းကိုပါပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

စက်ရုံက တရားဝင်လုပ်ကိုင်နေတဲ့လုပ်ငန်းဆိုပေမယ့် အလုပ်သမားတွေက အသက်မပြည့်သေးတဲ့ကလေးတွေပါဝင်နေတာကြောင့် အလုပ်ရှင်၊အလုပ်သမားဥပဒေနဲ့ညီညွတ်မှုမရှိတဲ့အတွက်လုပ်ငန်းကိုပါတစ်ခါတည်းပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဝင် ဦးသိန်းလှိုင်ထွန်းက မီဒီယာတွေကိုပြောပါတယ်။

“ လုပ်ငန်းလိုင်စင်ကတော့ တရားဝင်လိုင်စင်ပဲ။ ဒါပေမယ့် အလုပ်သမားစည်းမျဉ်းစည်းကမ်းနဲ့ကျတော့ မညီဘူး။ အလုပ်သမားတွေကို ဘယ်အရွယ်မှာခိုင်းစေရမလဲ ၊အသက် (၁၈)နှစ်ပြည့်ပြီးမှလေ၊ ဒီမှာ အသက် (၁၆)နှစ်အောက်ကလေးတွေအများကြီးပါတယ်။ သတ်မှတ်ချက်တွေမညီလို့ လုပ်ငန်းပိတ်သိမ်းတာ”လို့ ဦးသိန်းလှိုင်ထွန်းက ပြောပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်လုပ်တဲ့ ကလေးတွေကို အလုပ်ရှင်က ညှင်းပန်းနှိပ်စက်သလို ကာမကျူးလွန်မှုတွေပြုလုပ်တယ်ဆိုပြီး စက်ရုံကထွက်ပြေးလာတဲ့ ကလေးရဲ့ ပြောပြချက်အရ အဆိုပါစက်ရုံကိုတာဝန်ရှိသူတွေနဲ့ ပြည်သူတွေက ဝိုင်းဝန်းရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။ 

လက်ရှိမှာ စက်ရုံပိုင်ရှင်တွေကို ဖမ်းဆီးထားသလို ကလေးတွေကိုလည်း မနေ့ကညကတည်းကရဲစခန်းမှာပဲ ခေါ်ယူထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စက်ရုံဝန်းအတွင်းမှာ ကလေးတွေကိုဝှက်ထားသေးတယ်ဆိုပြီး လူထုက ယူဆခဲ့တာကြောင့် လူစုလူဝေးအထိဖြစ်ခဲ့ပြီး နောက်ပိုင်း ပြည်သူတွေစိတ်ကျေနပ်မှုရအောင် ၁၅ ယောက်တစ်ဖွဲ့စီခွဲပြီး ဝင်ရောက်ရှာဖွေခွင့်တွေပြုခဲ့ပါတယ်။

ဝင်ရောက်ရှာဖွေရာမှာတော့ နောက်ထပ်ကလေးတွေတစ်ယောက်မှတော့ မတွေ့ရတော့ဘူးလို့ဦးသိန်းလှိုင်ထွန်းက ပြောပါတယ်။ ပိုင်ရှင်ဇနီးမောင်နှံကိုတော့ အလုပ်သမားကလေးများအား ညှင်းပန်းနှိပ်စက်မှုနဲ့ အမှုဖွင့်ထားပြီးလက်ရှိအချိန်မှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က