အွန်လိုင်းစီးပွားရေးပညာပေးအစီအစဉ်ကို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေတဆင့်ပြုလုပ်ပေးသွားမှာပါ။

ကိုဗစ်ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ ခေတ်မီ IT နည်းပညာတွေကိုသုံးပြီး စီးပွားရေးလုပ်ငန်းတွေဘက်မှာ ချိတ်ဆက်ဆောင်ရွက်နိုင်အောင် ပညာပေးအစီအစဉ်အနေနဲ့ လုပ်ဆောင်သွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး နောက်ဆုံးရအခြေအနေကို တင်ပြတဲ့အစီရင်ခံစာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီးတော့ ပြည်သူတွေရဲ့မိုဘိုင်းလ်ဖုန်းအသုံးပြုနိုင်မှုနှုန်းက ငါးနှစ်အတွင်း ၁၀၀ရာခိုင်နှုန်းကျော်လွန်ခဲ့ပြီဖြစ်ပြီး မိုလ်ဘိုင်းဖုန်းကိုသုံးခြင်းအားဖြင့် စီးပွားရေးနဲ့ပညာရေးလိုအကျိုးရှိစေမယ့်နေရာမှာ ထိရောက်မှုရှိစေရန်အတွက် ဒီအစီအစဉ်ကိုရေးဆွဲခဲ့တာလို့ အတိုင်ပင်ခံကဆိုပါတယ်။ 



"စီးပွားရေးဟာဘာလဲလို့ပြောလိုက်ရင် အရိုးသားဆုံးနဲ့အလွယ်ဆုံးပြောရမယ်ဆိုရင် ဝယ်လိုအားနဲ့ရောင်းလိုအားကိုချိတ်ဆက်ပြီးမျှတအောင်လုပ်တာပါ။ လူတစ်ယောက်က ရောင်းချင်တာရှိရင် နောက်တစ်ယောက်က ဝယ်နိုင်အောင်လို့လုပ်ရပါမယ်။ ဝယ်တယ်၊ ရောင်းတယ်ဆိုတာ ပစ္စည်းတင်မဟုတ်ပါဘူး။ လုပ်ငန်းဆောင်ရွက်မှုတွေလည်းပါပါတယ်။ လုပ်အားရော၊ ပညာရောအမျိုးမျိုးပေါ့။ ကိုယ့်မှာရှိတာနဲ့ လိုတာနဲ့ ရှိတဲ့နေရာကနေ လိုတဲ့နေရာကို ချိတ်ဆက်ပေးပြီးတော့ အလုပ်ဖြစ်အောင်လုပ်တာ၊ မျှတအောင်လုပ်တာဖြစ်တယ်။ ဒီဟာအတွက် ခေတ်မီနည်းပညာတွေသုံးတဲ့အခါမှာ အင်မတန်မှထိရောက်ပါတယ်" လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ 

အွန်လိုင်းစီးပွားရေးပညာပေးအစီအစဉ်ကို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေတဆင့်ပြုလုပ်ပေးသွားမှာဖြစ်ပြီး လာမယ့်ရက်သတ္တပတ်မှာစတင်မှာဖြစ်ပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့မှာ သီအိုရီအပိုင်းကိုသင်ကြားထုတ်လွှင့်မှာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ ရွေးချယ်ထားတဲ့ဝယ်လိုအားရှိသူနဲ့ရောင်းလိုအားရှိသူတစ်ဦးက လက်တွေ့သရုပ်ပြပုံစံနဲ့တင်ဆက်ပေးသွားဖို့ စီစဉ်ထားပါတယ်။

ကိုဗစ်ကာလအလွန် စီးပွားရေးပြန်လည်ဦးမော့လာနိုင်စေရန်ရည်ရွယ်ချက်နဲ့ဒီအစီအစဉ်ကို တင်ဆက်ပေးတာဖြစ်ပြီးနောက်ပိုင်းမှာတော့ ပညာရေးကဏ္ဍအတွက်လည်း အွန်လိုင်းကနေစာအုပ်ငှားလို့ရတဲ့ အွန်လိုင်းစာကြည့်တိုက်ပုံစံမျိုးတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။



က္က