(၁၈)ဦးစစ်တာမှာ (၁၀)ဦးတွေ့ရှိခဲ့တာပါ။

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက တရုတ်လူမျိုးဇနီးမောင်နှံ နှစ်ဦးပိုင်ဆိုင်တဲ့ ပေါက်စီနဲ့ပေါင်မုန့်လုပ်ငန်းစက်ရုံက အလုပ်သမား ကလေး (၁၈)ဦးကို ကိုဗစ်ပိုးစစ်ရာမှာ (၁၀)ဦးမှာ ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။



ဒီကနေ့မနက်ပိုင်းမှာ စစ်ဆေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကလေးတွေကို ကွာရန်တင်းစင်တာတစ်ခုမှာထားရှိကာ ကုသရေးစင်တာကိုပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးဇော်တင်က Duwun ကိုပြောပါတယ်။



“ ဟုတ်ပါတယ်။ ကလေးအားလုံး (၁၈)ဦးကိုစစ်တာ (၁၀)ဦးမှာပိုးတွေ့တာ။ ကလေးတွေက အသက်မပြည့်သေးတဲ့ကလေးတွေအများကြီးပါတယ်။ အခုသူတို့မိဘတွေကိုလည်းဆက်သွယ်ထားတယ်။ ပိုးတွေ့တဲ့ကလေးတွေရော ကျန်တဲ့ကလေးတွေကိုရော ဒီမှာ ခဏထိန်းသိမ်းထားပေးပြီးတော့ အလုပ်သမားဦးစီးဌာနကနေပဲ လုပ်စရာရှိတာတွေ ဆက်လက်ဆောင်ရွက်ပြီး မိဘတွေထံပြန်အပ်နှံပါလိမ့်မယ်”လို့ ဦးဇော်တင်က ပြောပါတယ်။

ကလေးတွေမှာ ပိုးတွေ့ရှိခဲ့တဲ့အတွက် သူတို့နဲ့ထိတွေ့စပ်ဆက်မှုရှိထားတဲ့သူတွေကိုလည်း ကွာရန်တင်းထားရှိပြီး စစ်ဆေးမှုတွေလုပ်သွားမယ်လို့သိရပါတယ်။ တရုတ်လူမျိုးဇနီးမောင်နှံပိုင်ဆိုင်တဲ့ စက်ရုံမှာ အလုပ်သမားတွေက အသက်မပြည့်သေးတဲ့ ကလေးတွေပါဝင်နေတာကြောင့် အလုပ်ရှင်၊အလုပ်သမားဥပဒေနဲ့ညီညွတ်မှုမရှိတဲ့အတွက် လုပ်ငန်းကိုပါ တစ်ခါတည်းပိတ်သိမ်းထားပြီး ပိုင်ရှင်တွေကိုလည်းဖမ်းဆီးထိန်းသိမ်းထားပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်လုပ်တဲ့ ကလေးတွေကို အလုပ်ရှင်က ညှင်းပန်းနှိပ်စက်သလို ကာမကျူးလွန်မှုတွေပြုလုပ်တယ်ဆိုပြီး စက်ရုံကထွက်ပြေးလာတဲ့ ကလေးရဲ့ ပြောပြချက်အရ တာဝန်ရှိသူတွေနဲ့ ပြည်သူတွေက ဝိုင်းဝန်းရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ မနေ့က ညပိုင်းမှာလည်း ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြားအဓိကရုဏ်းဖြစ်ပွါးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့ကာ မော်တော်ယာဉ်တွေနဲ့ စက်ရုံအဆောက်အဦတွေကအစ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က