သေဆုံးသူကလည်း (၅၀)ကျော်သွားပါပြီ။

ကိုဗစ်ကူးစက်မှုနှုန်းကို တစ်လကျော်အကြာ ထိန်းနိုင်ခဲ့တဲ့ အင်းစိန်မြို့နယ်ဟာ ယခုရက်ပိုင်းအတွင်းမှာပဲ ကူးစက်မှုနှုန်းပြန်လည်မြင့်တက်လာခဲ့ပြီး တစ်ရက်တည်းမှာတင် ပိုးတွေ့လူနာသစ် (၁၀၀)ကျော်တွေ့ရှိခဲ့ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာလ (၂၀)ရက်နေ့ ည(၈)နာရီထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ်က ပိုးတွေ့လူနာသစ် (၁၀၁)ဦးတွေ့ရှိခဲ့ပြီး ဒါက ရက်ပေါက်း (၃၈)ရက်အကြာမှာ မြို့နယ်အတွင်း ပိုးတွေ့လူနာ (၁၀၀)ကျော်တွေ့ရှိခဲ့တာဖြစ်တယ်လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။



“အောက်တိုဘာလ (၁၃)ရက်က အင်းစိန်မြို့နယ်က ပိုးတွေ့လူနာ (၁၁၁)ဦးတွေ့ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဒီလောက်ရာကျော်ထိထပ်တွေ့တာမျိုးမရှိဘဲ ထိန်းနိုင်ခဲ့တဲ့အနေအထားပေါ့။ မနေ့ကတော့ ထပ်ပြီး (၁၀၀)ကျော်တွေ့တာဆိုတော့ ကူးစက်မှုနှုန်းပြန်မြင့်တက်လာတာပေါ့နော်။ မြို့နယ်အတွင်းနေထိုင်သူတွေကတော့ ပုံမှန်အတိုင်းသွားလာနေကြတာပဲ။ အခုကူးစက်မှုတွေကိုကြည့်ရင် တစ်အိမ်မှာတစ်ယောက်ကူးတာနဲ့ မိသားစုလိုက်ကူးစက်ခံရတာကများတယ်”လို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။

အင်းစိန်မြို့နယ်ရဲ့ကူးစက်မှု အနေအထားမှာ စက်ရုံအလုပ်ရုံတွေကိုသွားတဲ့ သူတွေကနေတစ်ဆင့် အိမ်ကမိသားစုတွေကိုပါ ကူးစက်တာတွေကအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအင်းစိန်မြို့နယ်ရဲ့ ပိုးကူးစက်မှုက အပြင်ထွက်အလုပ်လုပ်နေတဲ့သူတစ်ဦးမှာ ကူးစက်ခံရပြီဆိုတာနဲ့ အတူနေမိသားစုတွေပါကူးစက်ခံနေရတာလည်းဖြစ်ပါတယ်။ အင်းစိန်မြို့နယ်က ကိုဗစ်ပထမလှိုင်းမှာတုန်းက ကူးစက်မှုအများဆုံးမြို့နယ်တစ်ခုဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ ပိုးတွေ့လူနာ (၃၀၁၇)ဦးနဲ့ သေဆုံးသူ (၅၀)ကျော်ရှိပါတယ်။

Share

Loading Next Article...
က္က