အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မုန့်တိုက်အနီးရပ်ထားတဲ့ မော်တော်ယာဉ်တွေ အပါအဝင် စက်ရုံအဆောက်အဦလည်း ပျက်စီးမှုတွေရှိခဲ့ရပါတယ်။

နိုဝင်ဘာ၂၀ရက်ညက ဒဂုံဆိပ်ကမ်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်မှာပါဝင်ခဲ့သူ ၁၂ဦးကို ဖမ်းဆီးအရေးယူမှုပြုလုပ်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး၊ရဲမှူးကျော်စွာက အတည်ပြု ပြောကြားခဲ့ပါတယ်။ 

ဒီကနေ့နေ့လည်ပိုင်းက အခင်းဖြစ်ပွားရာနေရာမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲမှူးကျော်စွာကအတည်ပြုပြောကြားခဲ့တာဖြစ်ပြီး ဖမ်းဆီးထားသူတွေကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ-၄၄၀၊၄၂၇၊၃၃၃၊၃၃၂၊၃၃၈၊၁၅၂၊၁၁၄ တို့နဲ့အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။ မနေ့ညကရဲတပ်ဖွဲ့နဲ့ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ နယ်ခံ၊ဒေသခံမဟုတ်သူတွေလည်းပါဝင်ခဲ့ပြီး လေးခွ၊ ကုန်းသီး၊ ခဲလုံးအစရှိတာတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၂၇ဦးဒဏ်ရာရရှိခဲ့ပါတယ်။



"များတာတော့ တော်တော်များပါတယ်ခင်ဗျ၊ ကျွန်တော်တို့ထိတွေ့မှုမဖြစ်ခင်ကတည်းက နယ်ကျော်တဲ့သူတွေကသူတို့ကိုယ်တိုင် သူတို့ပါးစပ်ကပဲပြောနေတာ ပြည်သူကို။ သူတို့ကအခြားနေရာကတောင်လာပြီးတော့ ဒီလိုလာလုပ်နေရတာ။ အဲ့လိုပြောနေတာမျိုးတွေကြားနေရတယ်ဗျ။ အဆင်သင့်ယူလာသလား၊ မယူလာသလားတော့ ကျွန်တော်ကတော့အတိအကျမသိဘူး။ ပစ်နေတာတော့ ခဲတွေနဲ့ရော ကုန်းသီးတွေနဲ့ရော..ကျွန်တော်တို့ကို လာမှန်နေတဲ့အရာတွေကိုကြည့်လိုက်တဲ့အခါတွေ့ရပါတယ်။"လို့ ရဲမှူးကျော်စွာကပြောပါတယ်။ 

လိုတရရွှေစံလှပေါက်စီမုန့်တိုက်ပိုင်ရှင်တွေကိုတော့ လုပ်ငန်းလိုင်စင်မရှိတဲ့အတွက် စည်ပင်သာယာရေးကော်မတီကတရားလိုပြုလုပ်ကာ စည်ပင်သာယာဥပဒေပုဒ်မ-၃၂၃ (ဋ) နဲ့ အမှုဖွင့်ထားပြီး ပိုင်ရှင်ရဲ့ညီဖြစ်သူကိုတော့ အသက်(၁၉)နှစ်အရွယ်အလုပ်သမားတစ်ဦးကို ကိုယ်ထိလက်ရောက်ကျုးလွန်တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ-၂၉၄၊၃၂၃၊ ၅၀၆ တို့နဲ့တရားစွဲဆိုအမှုဖွင့်ထားတယ်လို့ ရဲဇာနည် Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။

မုန့်တိုက်မှာအလုပ်လုပ်ကိုင်နေတဲ့ကလေးငယ်တွေကို အလုပ်ရှင်တွေက ညှင်းပန်းနှိပ်စက်မှုတွေရှိနေတယ်လို့သတင်းတွေထွက်ပေါ်လာပြီးနောက် နိုဝင်ဘာ၂၀ရက်နေ့မနက်ပိုင်းကစတင်ကာ ရပ်ကွက်နေပြည်သူတွေအပါအဝင်လူစုလူဝေးနဲ့လာရောက်စုရုံးမှုတွေရှိခဲ့ပြီး ညပိုင်းမှာတော့ နေအိမ်အတွင်းဝင်ရောက်ကြည့်ရှုခွင့်တောင်းရာကတဆင့် ရဲတပ်ဖွဲ့နဲ့ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတာပါ။ လာရောက်စုရုံးသူတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မုန့်တိုက်အနီးရပ်ထားတဲ့မော်တော်ယာဉ်တွေအပါအဝင် စက်ရုံအဆောက်အဦလည်း ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။


Share

Loading Next Article...
က္က