ဆေးရုံကိုပို့ဆောင်စဉ်မှာပဲ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်မှာ သေဆုံးသွားတာဖြစ်ပါတယ်။
Ye Yint Htay

ရွေးကောက်ပွဲမှာရှမ်းပြည်နယ်၊ကျောက်မဲအမျိုးသားလွှတ်တော်အမတ်အဖြစ် မဲဆန္ဒနယ်အမှတ်(၁)ကနေရွေးချယ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော်ဟာ ဒီကနေ့ညနေပိုင်းက သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

၎င်းနေထိုင်ရာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စုမှာရှိတဲ့ နေအိမ်ကို လာရောက်ပြီးသေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီးဆေးရုံကိုပို့ဆောင်စဉ်မှာပဲ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်မှာ သေဆုံးသွားတာဖြစ်ပါတယ်။

"ခုညနေကပဲ ကျွန်တော်တို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ သူရဲ့အိမ်ရှေ့မှာ ကွမ်းယာစားဖို့ယာနေတုန်းမှာ ဆိုင်ကယ်နဲ့လူတစ်ယောက်ရောက်လာပြီးတော့ ရင်ဘတ်ကိုသေနတ်နဲ့ပစ်ခံလိုက်ရပါတယ်။ကျောက်မဲဆေးရုံကို ခေါ်ဆောင်သွားစဉ်မှာပဲ အသက်ဆုံးရှုံးသွားတယ်လို့သိရပါတယ်။ ကျွန်တော်တို့က ဒီမတိုင်ခင်ကလည်း ကျောက်မဲရွေးကောက်ပွဲကော်မရှင်ကိုသေနတ်နဲ့ ပစ်ခံရတယ်ဆိုတာ ကြားထားတယ်။ ဒါဟာနိုင်ငံရေးမှာ အကြမ်းဖက်နည်းကို သုံးစွဲတယ်လို့ ကျွန်တော်တို့ကသုံးသပ်ပါတယ်။"လို့ NLD ပါတီရဲ့အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

Photo: Htike Zaw

ဒါကြောင့် နိုင်ငံရေးမှာ အကြမ်းဖက်နည်းတွေသုံးစွဲတဲ့အပေါ် လုပ်ဆောင်တဲ့ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် အားလုံးကို ရှုံ့ချကြောင်း ထုတ်ပြန်ချက်တစ်ခု မကြာခင်ထုတ်ပြန်သွားမယ်လို့ဒေါက်တာမျိုးညွန့်ကဆိုပါတယ်။ NLD ပါတီရဲ့ ကိုယ်စားလှယ်တွေ၊ပါတီဝင်တွေ၊ ဝန်းရံသူ တွေအနေနဲ့ ခုလို အကူးအပြောင်းကာလမှာနိုင်ငံရေးအသိနဲ့ သွားလာနေထိုင်တာဂရုစိုက်ဖို့လည်း ဒေါက်တာမျိုးညွန့်ကသတိပေးခဲ့ပါသေးတယ်။ 

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က