မိုးကြီးတာမျိုးတော့ မရှိနိုင်ဟုဆို

အိန္ဒိယနိုင်ငံတောင်ပိုင်းကို ဝင်မယ့် မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ ဖြစ်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နိုဝင်ဘာ ၂၃၊၂၄ ရက်တို့မှာ မိုးရွာသွန်းမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

ဒီနေ့ နိုဝင်ဘာ(၂၂) ရက် မနက် (၁၀) နာရီခွဲအချိန်တိုင်းထွာချက်တွေအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းကို ရောက်ရှိခဲ့ပြီး နောက် (၃၆) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ကို အားကောင်းလာနိုင်တယ်ဆိုပြီး မိုးဇလကထုတ်ပြန်ထားခဲ့တာပါ။



“မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းကိုဝင်မယ်။မြန်မာပြည်နဲ့တော့ ဝေးသွားမယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ မိုးပဲရွာမှာ။ တစ်နိုင်ငံလုံးတော့မဟုတ်ဘူး။ တောင်ပိုင်းဘက်မှာ မွန်၊တနင်္သာရီတို့မှာ မိုးအနည်းငယ်လေးပဲရွာမှာပါ။ အခုကဆောင်းဝင်တော့ လေအေးတွေ ဆင်းလာတော့ မိုးရနိုင်တဲ့ အခွင့်အလမ်းက နည်းသွားပြီ” လို့ မိုးဇလဒုညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က Duwun ကိုပြောပါတယ်။

အဆိုမုန်တိုင်းငယ် အရှိန်ကြောင့် နောက် (၂၄) နာရီအတွင်း ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသအခြေအနေကတော့ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်ရေပြင်လေ က တစ်နာရီကို (၁၀) မိုင် (၁၅) မိုင်၊ တစ်ခါတစ်ရံ (၂၅) မိုင်ခန့် တိုက်ခတ်နိုင်ကာ လှိုင်းအသင့်အတင့် ရှိပြီး လှိုင်းအမြင့် (၄) ပေကနေ (၇)ပေခန့် ရှိနိုင်တယ်လို့လည်း မိုးဇလထုတ်ပြန်ခန့်မှန်းချက်တွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က