ကိုဗစ်ကာလဖြစ်သဖြင့် ချေးငွေပြန်မဆပ်နိုင်သေးကြောင်း ပြောရာမှာအဆင်မပြေဖြစ်ပွားခဲ့ရာမှ ဓားထောက်ကာ လုယက်မှုဖြစ်ခဲ့တာပါ။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်က ကျေးရွာတစ်ရွာမှာ ချေးငွေလာရောက်ကောက်ခံတဲ့ အသေးစားငွေချေးလုပ်ငန်းမှ ဝန်ထမ်းဆီကနေ ငွေကျပ် သိန်း ၁၀၀ ကို ဓားထောက်လုယက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် လုယက်မှုကို ကျူးလွန်တဲ့ အသက် ၃၉ နှစ် အရွယ် ရဲမင်းဇော်ကို ငပုတောမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေတယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က Pact Myanmar အသေးစားငွေချေးလုပ်ငန်းမှ ဝန်ထမ်း တစ်ဦးဟာ ငပုတောမြို့နယ် ၊ကုလားမတောင်ကျေးရွာကို  ချေးငွေကောက်ခံဖို့ သွားရောက်ခဲ့စဉ် ချေးငွေ ရယူထားတဲ့ ရွာခံအမျိုးသမီးက ကိုဗစ်ကာလဖြစ်သဖြင့် ချေးငွေပြန်မဆပ်နိုင်သေးကြောင်း ပြောရာမှာအဆင်မပြေတာကြောင့် ၎င်းအမျိုးသမီးရဲ့ ခင်ပွန်းက ချေးငွေ ဝန်ထမ်းကို ဓားထောက်ကာ လုယက်ခဲ့ခြင်းဖြစ်ပါတယ်။



''ကုလားမတောင် ကျေးရွာကို Pact Myanmar ဝန်ထမ်းက ရောက်လာပြီးတော့ ချေးငွေတောင်းယူတာတွေလုပ်တယ်ပေါ့၊ ဆပ်စရာမရှိပါ ကြောင်းပြောနေတုန်း အမျိုးသားကရောက်လာ ပြီးအခုလိုဖြစ်တာပါ၊လုယက် မှုကိုကျူးလွန်သူရဲ့အမျိုးသမီးက ချေးငွေဆပ်ပေးရမှာဖြစ်ပါတယ်၊ ''လို့ ငပုတော့မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြစ်မှုကျူးလွန်တဲ့ အမျိုးသားဟာ ဓားပြပြီး ထိုးမယ် ဟုပြောဆိုကာ ပိုက်ဆံထည့်ထားတဲ့  ကျောပိုးအိတ်နှင့် ဖုန်းကိုလုယူထွက်ပြေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပြစ်မှုကျူးလွန်သူ အမျိုးသားကို ပုသိမ်ခရိုင် ဒုစရိုက်နိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က