ဒီဇင်ဘာလအတွင်း ဆိုင်ထိုင်ရောင်းချခွင့်ပြုတော့မယ်လို့ သိရပါတယ်။
Mi Thawdar Aung

နေပြည်တော် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ လျော့ကျလာတဲ့အတွက် စားသောက်ဆိုင်တွေကို လာမယ့် ဒီဇင်ဘာလအတွင်း ဆိုင်ထိုင်ရောင်းချခွင့်ပြုတော့မယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

နေပြည်တော်အတွင်း A အဆင့်ရ စားသောက်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီက ညွှန်ကြားထားတာကြောင့် နိုဝင်ဘာ (၂၁) ရက်ကစတင်ပြီး စားသောက်ဆိုင်တွေကို လိုက်လံစစ်ဆေးနေပြီလို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“ နေပြည်တော်မှာ နိုဝင်ဘာလအတွင်း ကိုဗစ်ကူးစက်မှုလျော့လာတယ်။ ဒါကြောင့် ကိုဗစ်ကော်မတီက နိုဝင်ဘာကုန် ဒီဇင်ဘာဆန်းမှာ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်ရောင်းချခွင့်ပြုဖို့ ညွှန်ကြားထားတာပါ။”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆိုပါတယ်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် (၈) မြို့နယ်အတွင်းမှာ ယခင်က ဆိုင်ထိုင်ရောင်းချခွင့်ပြုတဲ့ ဆိုင်ပေါင်း (၅၁၀) ကျော်ရှိပြီး မနေ့ကအထိ စစ်ဆေးမှုတွေ အရ ဆိုင်ပေါင်း (၂၀၀) ကျော်က ပြန်လည်ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သိရပါတယ်။ အခုတစ်ခေါက် ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုရာမှာ ယခင်ကန့်သတ်ချက်စည်းမျဉ်းတွေအပြင် ဆိုင်ရဲ့ အကျယ်အဝန်းပေါ်မူတည်ပြီး အများဆုံးထိုင်ခွင့်ပြုမယ့် လူပမာဏကိုလည်းကန့်သတ်ထားမယ်လို့ ဆိုပါတယ်။

“ ဆိုင်ရဲ့ အကျယ်အဝန်း ၊ စားပွဲဝိုင်းဘယ်လောက်ထားမလဲ ၊အများဆုံးလူဦးရေ ဘယ်လောက်ထိစားသုံးနိုင်မလဲဆိုတာကို သတ်မှတ်ပြီးတော့မှ ဆိုင်ထိုင်ရောင်းချခွင့် ပြုဖို့သတ်မှတ်မှာပါ။ ဆိုင်တွေမှာ ရောဂါကူူးစက်မှုတွေမဖြစ်အောင်၊လူစုလူဝေးတွေ မဖြစ်အောင် လူအရေအတွက်ကို ကန့်သတ်ထားမှာပါ။ မလိုက်နာရင် သတိပေးသွားမှာပါ” လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

လက်ရှိမှာ နေပြည်တော်အတွင်း စားသောက်ဆိုင်တွေ၊လက်ဖက်ရည်ဆိုင်တွေအနေနဲ့လည်း ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်နဲ့အညီ လက်ဆေးတာ၊ အပူချိန်တပ်ခိုင်းတာ၊ နှာခေါင်းစည်းတပ်ခိုင်းတာ၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေထိုင်နိုင်အောင် စီစဉ်ထားတယ်လို့လည်း မင်းသီဟ လက်ဖက်ရည်ဆိုင်က မန်နေဂျာကိုမင်းမင်းက ဆိုပါတယ်။

နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက နိုဝင်ဘာလအတွင်း သိသိသာသာလျော့ကျလာတဲ့ အပြင် ပိုးတွေ့လူနာအများစုကလည်း ဒေသခံတွေမဟုတ်ဘဲ ခရီးသွားပြီး ပြန်လာသူများက တွေ့ရှိရတာဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိအချိန်အထိ နေပြည်တော်မှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၈၅ ဦးရှိနေရာ လက်ရှိဆေးရုံမှာ ကုသမှုခံယူနေသူကတော့ (၅၃) ဦးသာကျန်ရှိတော့တယ်လို့လည်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က