လာမယ့် နှစ်လယ်ခန့်မှာ ပြီးစီးနိုင်မည်ဟုဆို

မင်္ဂလာတောင်ညွှန့်နဲ့ ဒေါပုံမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတားဟောင်းကို မြန်မာနိုင်ငံရဲ့ ပထမဆုံးအပန်းဖြေတံတားအဖြစ် လာမယ့်အစိုးရသစ်လက်ထက်အတွင်း အပြီးသတ် ပြင်ဆင်တည်ဆောက်သွားမယ်လို့ ဒေါပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထံကနေ သိရပါတယ်။

(၂၀၂၀-၂၀၂၁) ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဘက်ဂျက်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာန၊ ပန်းဥယျာဉ်ဌာနက ဦးစီး ပြင်ဆင်နေတာဖြစ်ပြီး ပြည်သူအများ အပန်းဖြေနိုင်ရန်နဲ့ ကလေးများ ဆော့ကစားနိုင်ရန် အတွက် ရည်ရွယ်ပြင်ဆင်ထားတာဖြစ်တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်က ဆိုပါတယ်။



ဓာတ်ပုံ- ဒေါပုံတံတားဟောင်းကို ပြင်ဆင်ပြုပြင်မှုများ ပြုလုပ်နေသည်ကိုတွေ့ရစဉ်။

အဆိုပါ အပန်းဖြေတံတားမှာ လျှောက်လမ်းသဖွယ်ပြင်ဆင်သွားမှာဖြစ်ပြီး တံတားရဲ့ ဘေးတစ်ဖက်တစ်ချပ်စီမှာ ပန်းတွေ၊ မီးတွေနဲ့ အလှဆင်ထားမှာဖြစ်သလို ကလေးများ ကစားနိုင်ရန် ဘတ်စ်ကတ်ဘောကစားကွင်းတွေ၊ လူကြီးတွေ လေ့ကျင့်ခန်းလုပ်နိုင်ရန် နေရာတွေ၊ အရိပ်ရအောင် သစ်ပင်တွေ စိုက်တာ၊ အပန်းဖြေဖို့ ခုံတန်းလျားတွေ ချထားပေးသွားဖို့ စသဖြင့် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

“ ပလက်ဖောင်းတွေ ပြင်ဆင်တာ၊ Flower Box တွေ ပြင်ဆင်နေပြီ။ ဒီအပန်းဖြေတံတားက ရန်ကုန်မှာတင်မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ပထမဆုံးအပန်းဖြေတံတားလို့တောင် ပြောလို့ရတယ်။ တိုင်းဘက်ဂျက်နဲ့ လုပ်တာပါ။ အစိုးရသစ်သက်တမ်းရဲ့ နှစ်လယ်လောက်မှာ ပြီးမယ်လို့မှန်းထားတယ်။ အခုက ကိုဗစ်ကာလဆိုတော့ အလုပ်သမားတွေက တွင်တွင်ကျယ်ကျယ်တော့ မလုပ်နိုင်သေးဘူး"”လို့ ဒေါပုံတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်က Duwun ကိုပြောပါတယ်။

လက်ရှိပြင်ဆင်နေတဲ့ ဒေါပုံတံတားမှာ ၁၉၆၂ ခုနှစ်၊ ကနေဒါနိုင်ငံ ကိုလံဘိုစီမံကန်းနဲ့ တည်ဆောက်ထားပြီး  တံတားရဲ့ခံနိုင်ရည်ဝန်းအားမှာ ယာဉ်သွားလာမယ်ဆိုရင်တောင် နောက်ထက် (၁၀) နှစ်၊ (၁၅) နှစ်ခန့် အထိ ခံနိုင်ရည်ရှိသေးတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ထားတယ်လို့သိရပါတယ်။ 

ယခင်က သာကေတတံတားအဖြစ် အသုံးပြုကာ ယာဉ်များဖြတ်သန်းသွားလာခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကစတင်ကာ ဂျပန်-မြန်မာချစ်ကြည်ရေးအဖြစ် တည်ဆောက်ခဲ့တဲ့ဒေါပုံတံတားကိုပဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ တံတားဟောင်းကို မဖျက်တော့ဘဲ လူအများအပန်းဖြေသွားလာနိုင်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရက မြန်မာနိုင်ငံရဲ့ ပထမဆုံးအပန်းဖြေတံတားအဖြစ် ပြင်ဆင်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က