ကျုးလွန်သူကို အမှုဖွင့်ထားပါတယ်။
Mi Thawdar Aung

အခြေခံလူတန်းစားတွေကို ထောက်ပံ့ကြေး ငွေလေးသောင်းပေးဖို့ လှိုင်သာယာမြို့နယ် အရှေ့ပိုင်း (၁) ရပ်ကွက်မှာ လျှောက်လွှာလိုက်ဝေတဲ့ ရာအိမ်မှူးတစ်ဦး ဓားနဲ့ခုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ နိုဝင်ဘာ (၂၂) ရက် မွန်းလွဲ (၃) နာရီခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ ရာအိမ်မှူးမှာ ရပ်ကွက်တွေအတွင်း အခြေခံလူတန်းစားတွေကို လျှောက်လွှာသွားဝေရာမှာ ရပ်ကွက်ထဲမှ လူတစ်ဦးက ဓားနဲ့ ခုတ်လိုက်တာဖြစ်တယ်လို့ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူတစ်ဦးထံကနေသိရပါတယ်။ 

“ ထောက်ပံ့ကြေးပေးဖို့ ရပ်ကွက်တွေထဲကို စလစ်လိုက်ဝေတာ။ အဲဒီမှာ လူတစ်ယောက်က မူးပြီးတော့ ငါတို့ကျမရဘူးဆိုပြီးတော့ ရာအိမ်မှူးကို ဓားနဲ့ခုတ်လိုက်တယ်။ တကယ်တော့ အဲဒီလူက ရဖို့ စာရင်းထဲမှာပါပြီးသားပါ။ ဆန္ဒစောပြီး ခုတ်လိုက်တာ” လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူက ဆိုပါတယ်။

ဓားနဲ့ခုတ်ခံရမှုကြောင့် အဆိုပါ ရာအိမ်မှူး ဘယ်ဘက်တံတောင်မှာ ဒဏ်ရာရရှိသွားပြီး ကြီးကြီးမားမားထိခိုက်မှုမျိုးတော့ မရှိဘူးလို့လည်း သိရပါတယ်။ လက်ရှိတော့ အမှုကျုးလွန်သူကို ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ (၃၂၆) နဲ့ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်းရဲစခန်း) မှာ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။


Author


က္က