Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက တိုင်းမြို့တော် ပဲခူးမြို့အပါအဝင် ကဝ မြို့နယ်၊ သနပ်ပင်မြို့နယ် အစရှိတဲ့ ၃ မြို့နယ်ရှိပါတယ်။

ပဲခူးတိုင်းထဲက Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်၂၅ မြို့က Aအဆင့်ရှိတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို နိုဝင်ဘာလ အကုန်ကစပြီး ဖွင့်ခွင့်ပြုဖို့အတွက် သက်ဆိုင်ရာမြို့နယ်တွေကို ညွှန်ကြားစာထုတ်ပြန်လိုက်ပြီလို့ ပဲခူးတိုင်းအစိုးရအဖွဲ့ရဲ့ သယံဇာတ၊သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက ပြောပါတယ်။

ကျန်းမာရေးနဲ့ ကစားဝန်ကြီးဌာန ကထုတ်ပြန်ထားတဲ့ ကိုဗစ် ကာကွယ်တ်ားဆီးနိုင်ရေးဆိုင်ရာ စံသတ်မှတ်တွေနဲ့ ကိုက်ညီပြီး A အဆင့်သတ်မှတ်ခြင်းခံရတဲ့ ဆိုင်တွေကိုသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှာဖြစ်ပြီး A အဆင့်ဆိုင်ရာသတ်မှတ်ချက်ကိုလည်း ပြည်ထောင်စုအဆင့်က အရင်ကတည်းက တရားဝင်ညွှန်ကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ညွှန်ကြားထားတဲ့ အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး သတ်မှတ်ချက်ပြည့်စုံမှုရှိတဲ့ စားသောက်ဆိုင်ကိုတော့ နိုဝင်ဘာလကုန်ကစပြီး တရားဝင်ဖွင့်လှစ်ခွင့်ပြုမှာဖြစ်ပါတယ်။



“ဆိုင်ဖွင့်ချိန်တွေက တစ်နေရာနဲ့တစ်နေရာက မတူနိုင်ပါဘူး။ သက်ဆိုင်ရာမြို့နယ်ကိုဗစ်ကော်မတီရဲ့ တာဝန်ယူမှုတာဝန်ခံမှုအပေါ်မူတည်ပြီးတော့ပဲ ခွင့်ပြုတဲ့ဟာကို မြို့နယ်ကိုဗစ်ကော်မတီက ဆွေးနွေးပြီး သူတို့ ဘယ်အချိန်ထိ ဖွင့်ခွင့်ပြုသင့်တယ်ဆိုတာကို တိုင်းကနေ ခွင့်ပြုပေးမှာဖြစ်တယ်။ တချို့မြို့နယ်တွေက နေ့ခင်းဖြစ်ချင်ဖြစ်မယ်၊ မနက်ခင်းဖြစ်ချင်ဖြစ်မယ်၊ ဘယ်အချိန်ကနေ ဘယ်အချိန်အထိဖွင့်ခွင့်ပေးမယ် အဲ့လိုဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီမှာကောင်းကျိုးဆိုးကျိုးတွေရှိမယ် အချိန်ကန့်သတ်လိုက်ရင် လူပုံသွားနိုင်တယ်။နောက်တစ်ခု အချိန်မကန့်သတ်ရင် လည်း စီမံခန့်ခွဲမှုအားနည်းသွားမယ်။ ဒါတွေအားလုံးကို ဘက်စုံရှုထောင့်ကနေ စဉ်းစားရတာပေါ့။”လို့ ဒေါက်တာစောညိုဝင်းကပြောပါတယ်။

  စစ်ဆေးမှုအပိုင်းကိုတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ အပါအဝင် တာဝန်ရှိသူများပါဝင်တဲ့ အ ဖွဲ့ကနေ စားသောက်ဆိုင်တွေကို လိုက်လံ စစ်ဆေးမှာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့တွေကမှ စားသောက်ဆိုင်တစ်ဆိုင်ချင်းကို လိုက်လံစစ်ဆေးပြီး ပြည်ထောင်စုကညွှန်ကြားထားတဲ့ သတ်မှတ်ချကတွေနဲ့ စိစစ်ဆောင်ရွက်မှာဖြစ်ကြောင်း၊ စစ်ဆေးပြီး အခြေအနေကိုမှ မြို့နယ်ကိုဗစ်ကော်မတီကို တင်ပြပြီး မြို့နယ်ကိုဗစ်ကော်မတီကနေ ဖွင့်သင့်ကြောင်း ဆုံးဖြတ်ချက်ပေးခဲ့ရင် တိုင်းအစိုးရအဖွဲ့က အတည်ပြုပြီး ဖွင့်ခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။

ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအကြားမှာ ပြန်လည်ဖွင့်ခွင့်ပြုခဲ့ချိန်က စားသောက်ဆိုင်တွေအနေနဲ့ ဆိုင်အဝင်ဝမှာ လက်ဆေးဘေစင် ဒါမှမဟုတ် ဟန်းဂျယ်ဘူးတွေထားရှိခြင်း၊ Maskတပ်ဆင်စေခြင်း၊ Face Shield တပ်ဆင်စေခြင်း၊ တစ်ဦးနဲ့ တစ်ဦးဟာ အနည်းဆုံး ၃ ပေအကွာ ကနေ ၆ ပေအကွာခြားထိုင်စေခြင်း အပါအဝင် စတဲ့ ကိုဗစ် စည်းကမ်းချက်တွေကို ထုတ်ပြန်ခဲ့တာရှိပါတယ်။ ပဲခူးတိုင်းမှာတော့ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက တိုင်းမြို့တော်ပဲခူးမြို့အပါအဝင် ကဝ မြို့နယ်၊ သနပ်ပင်မြို့နယ် အစရှိတဲ့၃ မြိုနယ်ရှိပါတယ်။ ပဲခူးတိုင်းမှာတော့ ပဲခူးခရိုင်က ကိုဗစ်ကူးစက်မှု အမြင့်ဆုံးအဖြစ်ရှိနေဆဲဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က