ပြစ်မှုကျူးလွန်သူတွေကို (ပ)၁၄၅၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ- ၃၂၆/၃၂၅/၃၃၇/ ၃၂၃/ ၁၁၄ တို့ အမှုဖွင့်လှစ်ထားပါတယ်။

မှော်ဘီမြို့နယ်၊ ရွှေမြယာကုန်းကျေးရွာမှာ ထောက်ပံ့ငွေ ၄၀၀၀၀ ကိစ္စနဲ့ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကို အရေးယူပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီတိုင်ကြားခဲ့သူကို အုပ်ချုပ်ရေးမှူးရဲ့ အစ်ကိုပါဝင်တဲ့ အဖွဲ့က ရဲဒင်းနဲ့ခုတ် မှု ဖြစ်ပွားခဲ့တယ်လို့် သိရပါတယ်။

ရဲဒင်းနဲ့ အခုတ်ခံရတဲ့ အဆိုပါတိုင်ကြားသူ ဦးမျိုးအောင်မှာ ဦးခေါင်းနောက်စေ့ ဖူးယောင်ပေါက်ပြဲဒဏ်ရာတစ်ချက် ၊ ဘယ်ဘက်လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာ ၁ချက်၊ ဦးခေါင်းထိပ် ဖူးယောင်ဒဏ်ရာတစ်ချက် ၊ ဘယ်ဘက်ပါး နာကျင်ဒဏ်ရာ၊ ဘယ်ဘက်တံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာ၊ ခြေသလုံးနှစ်ဖက်မှာ ဖူးယောင်နာကျင်ဒဏ်ရာ၂ ချက်ရရှိခဲ့ပြီး မှော်ဘီဆေးရုံကို အတွင်းလူနာအဖြစ်တက်ရောက်ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။



"ဒီလိုဗျ စုပြီးတော့ သူက အဂတိကို တင်တယ်။ တင်တဲ့အခါကျတော့ အဲ့ဒီ ရွာရဲ့အုပ်ချုပ်ရေးမှူး အစ်ကိုကနေ သူ့အဖွဲ့နဲ့ ဝိုင်းပြီးတော့ ရဲဒင်းနဲ့ခုတ်တယ်။ သံတုတ်နဲ့ရိုက်တယ်ပေါ့။ အခုဆေးရုံမှာ ရှိပါတယ်။ အခုတော့ သူက တာဝန်ထမ်းဆောင်တုန်းပဲ။ ဖြစ်တုန်းကတော့ အခြေအနေဆိုးတယ်။ စကားတောင်မပြောနိုင်ဘူး။အခုတော့စကားပြောနိုင်ပြီ၊အခြေနေနည်းနည်းကောင်းနေပြီ။တရားခံတိုင်ထားတယ်။ဖမ်းတော့မမိသေးဘူး။"လို့ မှော်ဘီမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းအောင်ကပြောပြပါတယ်။

ဖြစ်စဉ်မှာ ဦးမျိုးအောင်က အစိုးရရဲ့ ထောက်ပံ့ငွေ ၄၀၀၀၀ ကျပ် မရရှိသူတွေကို ဦးဆောင်ပြီး စာရင်းကောက်တဲ့အပေါ် မကျေနပ်တာကြောင့် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တစ်ရွာတည်းနေ ဝေဖြိုးအပါ လူအုပ်စုက အဖွဲ့က ဦးမျိုးအောင်ကို လက်သီးနဲ့ထိုး ခြင်း၊ လေးခွနှင့်ပစ်ခြင်း၊ သံတုတ်နှင့်ရိုက်ခဲ့တဲ့အပြင် ရဲဒင်းဖြင့်လည်းခုတ်ခဲ့တာဖြစ်တယ်လို့ မှော်ဘီမြို့မရဲစခန်းကသိရပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ ပြစ်မှု ကျူးလွန်သူတွေကို (ပ)၁၄၅၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ- ၃၂၆/၃၂၅/၃၃၇/ ၃၂၃/ ၁၁၄ တို့နဲ့ မှော်ဘီမြို့မရဲစခန်းက အမှုဖွင့်လှစ်ထားပြီး ကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိမှုမရှိသေးဘူးလို့သိရပါတယ်။

ရွှေမြယာ ကုန်း ကျေးရွာ ရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်သူ ကိုဝေမိုးကတော့ ထောက်ပံ့ငွေ ၄၀၀၀၀ ကျပ်ကိစ္စနှင့်ပတ်သက်ပြီး မှန်မှန်ကန်ကန်လုပ်ဆောင်ခဲ့တဲ့အပြင် လိုအပ်တာတွေရှိချိန်တိုင်းမှာလည်း စိုက်ထုတ်လုပ်ခဲ့ရတာတွေရှိတယ်လို့ ပြောဆိုထားတာရှိပါတယ်။ ဒါ့အပြင် ၎င်းတို့အပေါ် စွပ်စွဲပြီး အဂတိအထိတိုင်ကြားထားတဲ့ ကိစ္စတွေရှိတာကြောင့် အုပ်ချုပ်ရေးမှူး ရာထူးကနေ နှုတ်ထွက်လိုက်ပြီဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က