လက်ရှိသတင်းတွေလေ့လာနိုင်သလို သမိုင်းကြောင်းတွေလည်း ဖတ်ရှုနိုင်တဲ့အတွက် သတင်းစာဖတ်သင့်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပြောကြားလိုက်တာပါ။

ပြည်သူတွေအနေနဲ့ ကိုဗစ်၁၉နဲ့ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်တွေ ၊ စည်းမျည်းစည်းကမ်းတွေ ၊ အကြံပြုချက်တွေကို သေသေချာချာ ဂဃနဏသိဖို့အတွက် နိုင်ငံပိုင်သတင်းစာဖတ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ ကိုဗစ်၁၉နဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာန ၊ တခြားအစိုးရဌာနအသီးသီးက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို သေသေချာချာဖတ်ရှုခြင်းမရှိတာကို သူ့အနေနဲ့ သတိပြုမိတယ်လို့ ဒီနေ့ ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။



"သတင်းစာဖတ်တယ်ဆိုရင် သတင်းစာထဲမှာ ကြေညာချက်တွေ အားလုံးပါပါတယ် တရားဝင်ထုတ်ပြန် ထားတာ။ ဌာနအသီးသီးက ထုတ်ပြန်ထားတာ။ အထူးသဖြင့် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတာ။ အဲဒါကြောင့်မို့ ကြည့်စေချင်ပါတယ်။နောက်တစ်ခုကလည်း Facebook တို့ တယ်လီဖုန်းကနေ စပြီး တစ်ဆင့်ကြည့်နိုင်တဲ့ဟာတွေ ရှိတာပဲလို့ တချို့က ထင်လိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်လေလည်း မပြည့်စုံတာအပြင်မှာ သတင်းစာဖတ်တာက ဖုန်းကြည့်တာထက် အများကြီးမျက်လုံးသက်သာပါတယ်။ ဒါကြောင့် သတင်းစာဖတ်စေ ချင်တယ် " လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် အခုလတ်တလော ကာလမှာလည်း ရန်ကုန်တက္ကသိုလ်ရာပြည့် ၊ မြန်မာ့ရုပ်ရှင်ရာပြည့်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ သတင်းစာမှာ ဖော်ပြနေတာကြောင့် စိတ်ဝင်စားဖို့ ကောင်းတဲ့အပြင် ဗဟုသုတရတာကြောင့် ကိုဗစ်ကာလ အပြင်မထွက်နိုင်ချိန်မှာ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို အများကြီး သိလာနိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့တာပါ။

လက်ရှိမှာတော့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုဆောင်ရွက်မှု ကျေးဇူးကြောင့် ကိုဗစ်၁၉ကို အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်သလို အခြေအနေတွေပေါ် မူတည်ပြီး ပြည်တွေရဲ့ စိတ်ဖိစီးမှုလျော့ကျဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ပတ်ဖို့အတွက် သတ်မှတ်ချက်တွေကို အမြန်ဆုံးဖြေလျှော့ပေးနိုင်ဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစာကြည်က ဒီနေ့ ၊ နိုဝင်ဘာလ ၂၃ရက် ည(၈)နာရီ ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။



က္က