အလုံလျှပ်စစ်ရုံးမှာ ပြင်ဆင်မှုတွေလုပ်နေလို့ ဓာတ်အားဖြတ်တောက်ရတာဟုပြော
Mi Thawdar Aung

ဒီနေ့ နိုဝင်ဘာ (၂၄) ရက် မနက်ပိုင်းကစတင်ပြီး ရန်ကုန်တစ်မြို့လုံးနီးပါး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

အလုံမြို့နယ် လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းရုံးမှာ ဓာတ်အားလိုင်းတွေ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အတွက်ပြင်ဆင်မှုတွေပြုလုပ်နေရတာကြောင့် ခေတ္တပိတ်ပြီး ဆောင်ရွက်နေရတာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းဌာနက ပြောပါတယ်။

“ အလုံလျှပ်စစ်ရုံးမှာ စက်တွေဝင်ဖို့ အတွက် ဓာတ်အားလိုင်းတွေ ချိတ်ဆက်ဖို့ လိုင်းခေတ္တပိတ်ပြီး ဆောင်ရွက်နေတာပါ။ဒီနေ့ နေ့လယ် (၁) နာရီခွဲ (၂) နာရီလောက်မှာတော့ ပြန်ပေးနိုင်မှာပါ” လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း(YESC) မှ ဓာတ်အားဖြန့်ဖြူရေးဌာနမှ ဦးကျော်သူက Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ YESC အနေနဲ့ ပြင်ဆင်မှုတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ရန်ကုန်တိုင်းတစ်ခုလုံး ပြတ်တောက်တာမဟုတ်ဘဲ မြို့နယ်အားလုံးရဲ့ (၁၀) ပုံ (၁) ပုံခန့်သာပြတ်တောက်တာဖြစ်တယ်လို့ လည်း ဦးကျော်သူက ဆိုပါတယ်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ပတ်သက်ပြီး ကြည့်မြင့်တိုင်မြို့နယ်မှာ နေထိုင်တဲ့ မအေးအေးကတော့ “ မီးပြတ်တာ ကြိုတင်ကြေညာထားတာလည်းမရှိဘူး။ အခုလို အချိန်အကြာကြီးပြတ်မယ်ဆိုရင် ကြိုသတိပေးတာမျိုးလုပ်သင့်တယ်။ အခုက အိမ်မှာအလုပ်လုပ်ရတဲ့ကာလဆိုတော့ မီးပြတ်တာ အချိန်ကြာမယ်ဆိုရင် အလုပ်အတွက် အဆင်မပြေတော့ဘူး။” လို့ ပြောပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း (YESC) အနေနဲ့ လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုတွေ ပြုလုပ်မည်ဆိုပါက YESC-Call Center ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ကြိုတင်သတိပေးဖော်ပြလေ့ရှိပေမယ့် ဒီနေ့မှာတော့ ကြိုတင်သတိပေးစာထုတ်ပြန်ထားတာမတွေ့ရပါဘူး။


Author


က္က