ဒီဇင်ဘာလအတွင်းမှာ ပြန်လည်ဖွင့်လှစ်ခွင့်ရနိုင်ချေရှိတယ်လို့လည်းသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက စားသောက်ဆိုင်တွေကို ကိုဗစ်စည်းကမ်းချက်တွေနဲ့ အညီပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့အတွက် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက တိုင်းအစိုးရကို တင်ပြထားပြီးညိနှိုင်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ကိုဗစ်ကာလမှာ စားသောက်ဆိုင်တွေပိတ်ထားရတာ အချိန်ကြာမြင့်လာတာနဲ့အမျှ ဆိုင်ရှင်တွေအနေနဲ့ လုပ်ငန်းတွေကို ဆက်လက်ရပ်တည်ဖို့ အခက်အခဲတွေရှိလာတာကြောင့် အခုလို စည်းကမ်းချက်တွေအညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးရန် တင်ပြတောင်းဆိုရခြင်းဖြစ်တယ်လို့ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းဒုတိယ ဥက္ကဌ (၃)ဒေါ်နှင်းနှင်းအေးက Duwun ကိုပြောပါတယ်။



“ စားသောက်ဆိုင်ပိုင်ရှင်တွေအနေနဲ့ကလည်း ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ဖို့လိုလားကြတယ်။ အခုလိုပိတ်ထားရတာကြာတော့ တော်တော်အခက်အခဲဖြစ်နေကြတယ်။ ဆက်ပြီးတော့သာ နောက်ထပ် (၂)လလောက်ထပ်ပိတ်ထားရရင် လုံးဝလုံးရပ်ဆိုင်းရမယ့် ဆိုင်တွေက (၈၅)%လောက်ရှိမယ်။ နှစ်ချုပ်နဲ့ချုပ်ထားတဲ့ဆိုင်ပိုင်ရှင်တွေထက်ယှဉ်ရင် တစ်လချင်းဆိုင်လခပေးနေရတဲ့သူတွေက ပိုပြီးအခက်တွေ့နေတယ်”လို့ ဒေါ်နှင်းနှင်းအေးကပြောပါတယ်။

ဆိုင်ရှင်တွေအနေနဲ့ ဆိုင်တွေပိတ်ထားတာကြောင့် ဝင်ငွေမရှိဘဲ လစဉ် ဆိုင်လခ၊ အိမ်လခတွေနဲ့ ဝန်ထမ်းလခတွေကိုက မဖြစ်မနေပေးဆောင်နေကြရတာဖြစ်ပါတယ်။ ကိုဗစ်ကာလကအချိန်ကြာလာတာနဲ့အမျှ ဝင်ငွေမရှိဘဲ လစဉ်ပေးဆောင်နေရတဲ့အခါမှာ ဆိုင်ရှင်တွေအနေနဲ့ လုံးဝနလန်မထူနိုင်တော့တဲ့ အနေအထားတွေဖြစ်လာပြီလို့ ဆိုပါတယ်။

ဆိုင်တွေပြန်ဖွင့်ခွင့်ရမယ်ဆိုပါကလည်း လုပ်ငန်းရှင်တွေအနေနဲ့ကလည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေအတိုင်း မဖြစ်မနေလိုက်နာကြဖို့လည်း လိုအပ်တယ်လို့ ဒေါ်နှင်းနှင်းအေးကပြောပါတယ်။ လက်ရှိမှာ ဆိုင်တွေပြန်ဖွင့်နိုင်ဖို့ကအတွက် တိုင်းအစိုးရနဲ့ညှိနှိုင်းတဲ့အခါမှာ ဝန်ကြီးချုပ်ကိုယ်တိုင်က ပြန်လည်ဖွင့်လှစ်စေချင်ပြီး ဆွေးနွေးမှုတွေလုပ်နေဆဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလ (၅)ရက်နေ့ထိ Stay at Home အစီအစဉ်သတ်မှတ်ထားဆဲဖြစ်တာကြောင့် ဒီကာလပြီးမှသာ ထူးခြားတဲ့ အခြေအနေတွေဖြစ်လာနိုင်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က