စီးပွားရေးတွေ လည်ပတ်နိုင်ဖို့လည်းဖြစ်ပါတယ်။

ပြည်သူလူထုစိတ်ဖိစီးမှုသက်သာစေဖို့နဲ့ စီးပွားရေးတွေ ပြန်ပြီးလည်ပတ်နိုင်အောင် ဖြေလျှော့မှုတွေ လုပ်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အထူးသဖြင့် နောက်တစ်ပတ်၊နှစ်ပတ်အတွင်းမှာ ဖြေလျှော့ပေးနိုင်ဖို့ ကြိုးစားနေပြီး အခြေအနေတွေ နည်းနည်းထိန်းလို့ရလာတာနဲ့အမျှ ဖြေလျှော့ပေးချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ နိုဝင်ဘာ (၂၃) ရက်ညပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်းပြီး ပြည်သူသို့အစီရင်ခံစာတင်ပြတဲ့မိန့်ခွန်းမှာထည့်သွင်းပြောကြားသွားခဲ့တာပါ။



“ ကျွန်မတို့အတွက် ဖြေလျှော့ပေးနိုင်တာကို ဖြေလျှော့ပေးနိုင်တယ်။ စီးပွားရေးကြောင့်ရော၊ ပြည်သူလူထုစိတ်သက်သာဖို့ရော ၊ အဲဒီတော့ သွားရေးလာရေးပေါ့။ သွားရေးလာရေး၊ စီးပွားရေးလုပ်ဖို့ ၊လုပ်နိုင်တဲ့အခွင့်အရေးတွေ ပေါ်ပေါက်ရေး ဒါတွေကို အထူးဂရုစိုက်ပြီးတော့ အမြန်ဆုံးအခြေအနေကောင်းလာအောင်လို့ ကြိုးစားပါမယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် အခုရေတိုကာလအတွင်းမှာ စီးပွားရေးလည်ပတ်ဖို့၊ ရေရှည်ဖွံဖြိုးရေးစီမံကိန်းနဲ့ကိုက်ညီတဲ့ ပြည်သူတွေကို ပညာပေးတဲ့ စီးပွားရေးအစီအစဉ်တွေ၊ ပြည်သူတွေ ပါဝင်လုပ်ဆောင်နိုင်မယ့် စီးပွားရေးလုပ်ငန်းလေးတွေ ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတဲ့နည်းလမ်းတွေကို ဒီတစ်ပတ်ကစပြီး ရုပ်မြင်သံကြားမှာ ထုတ်လွှင့်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

“ ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ တစ်ခု၊ ကြာသပတေးနေ့မှာ တစ်ခု ၊ ဗုဒ္ဓဟူးနေ့က ပိုပြီးတော့ ပညာပေး အနေနဲ့ ၊ ကြာသပတေးနေ့ကတော့ ပညာပေးလည်းဖြစ်တယ်၊လက်တွေ့ကျကျ ဘယ်လိုဆောင်ရွက်နေကြတယ်။ ဘယ်လိုဆောင်ရွက်လို့ရတယ်ဆိုတာကို ပြမှာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

မကြာမီ ခရစ္စမတ်၊ နှစ်သစ်ကူးကာလမှာလည်း အထူးအစီအစဉ်တွေ နိုင်ငံတော်က လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေးလိုလူဦးရေလည်းများ၊ကူးစက်မှုလည်းများတဲ့ ဒေသတွေမှာ ဆောင်းရာသီကာလမှာ ကိုဗစ်ရောဂါကို အထူးဂရုစိုက်ကြဖို့ကိုလည်း အတိုင်ပင်ခံက မှာကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က