Clean Yangon က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ဒီနေ့ လှူဒါန်းလိုက်ပြီဖြစ်ပါတယ်။
Htar Htar Wai

ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ အပန်းဖြေနေရာတစ်ချို့မှာ ဆွဲဆောင်မှုရှိတဲ့ ပုလင်းပုံစံအမှိုက်ပုံးကြီးတွေ ထားရှိပြီး လူထုကို အမှိုက်ပုံးထဲရောက်အောင် အမှိုက်ပစ်ဖို့အတွက် ရည်ရွယ်လှုံ့ဆော်တဲ့ အစီအစဉ်တစ်ခုကို Clean Yangon (သန့်ရှင်းသော ရန်ကုန်) အဖွဲ့က ဆောင်ရွက်လိုက်ပါတယ်။

ဒီပုလင်းပုံစံ အမှိုက်ပုံးကြီးတွေက စတီးလ်နဲ့ပြုလုပ်ထားပြီး တစ်ပုံးကို ကျပ်လေးသိန်းကျော် ကျသင့်တာကြောင့် လက်ရှိမှာတော့ Clean Yangon (သန့်ရှင်းသော ရန်ကုန်) အဖွဲ့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို နှစ်ပုံးလှူဒါန်းပြီး စတင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။



Photo-Clean Yangon Page

" ရေသန့်ဘူးခွံတွေ ၊ အချိုရည်ဘူးခွံတွေကို ထည့်ဖို့အတွက် ပုလင်းပုံစံအမှိုက်ပုံးကို စဉ်းစားမိတယ်။နောက်တစ်ခုက ဒီလိုအမှိုက်ပုံတွေကို မြင်ခြင်းက အများပြည်သူက အမှိုက်ကို အမှိုက်ပုံးထဲပစ်ရမယ်ဆိုတဲ့ message ပေးချင်တာပါ ။ ပန်းဥယျာဉ်ဌာနနဲ့ ပူးပေါင်းပြီး အင်းလျားကန် ပြည်လမ်းဘက်ခြမ်း နဲ့ ကမ္ဘာအေးဘုရားလမ်းဘက်ခြမ်းမှာ ထားသွားမှာ ဖြစ်ပါတယ်။ဒီပုံးတွေက စတီးနဲ့လုပ်တာ လေးသိန်းကျော်ကျတယ်။ ဘတ်ဂျက်အရတော့ နှစ်ပုံးပဲ ထားနိုင်သေးတယ်။ ဒီတစ်ပတ်အတွင်းထားလိမ့်မယ် ။ ဒီနေ့ စည်ပင်သာယာရေး ကော်မတီကိုတော့ လှူဒါန်းခဲ့ပါပြီ " လို့ Clean Yangon ရဲ့ တာဝန်ခံ ကိုဇေယျာထွန်းက Duwun ကို ပြောပါတယ်။

ဒီလိုအမှိုက်ပုံးတွေကို ရန်ကုန်မြို့ရဲ့ လူတန်းစားအစုံ လာရောက်အပန်းဖြေတဲ့နေရာတွေမှာ ထားရှိသွားဖို့ ရည်ရွယ်ထားတဲ့အပြင် မြစ်ထဲကို အမှိုက်စွန့်ပစ်မှု လျော့နည်းစေဖို့အတွက် ဗိုလ်တစ်ထောင်ကမ်းနားမှာ ထားနိုင်ဖို့အတွက်လည်း Clean Yangon က ဘတ်ဂျက်အရ လျာထားတယ်လို့ သိရပါတယ်။

Photo-Clean Yangon Page

ပုလင်းပုံစံအမှိုက်ပုံးကြီးတွေကို အဓိကအားဖြင့် အချိုရည် ၊ ရေသန့်ဘူး အစရှိတဲ့ ပုလင်းအခွံတွေကို စွန့်ပစ်နိုင်ဖို့ လုပ်ဆောင်ထားတာဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီ ၊ ပန်းဥယျာဉ်ဌာနက ဒီတစ်ပတ်အတွင်း အင်းလျားကန်ဘောင် ပြည်လမ်း နဲ့ ကမ္ဘာအေးဘုရားလမ်းမှာ ထားရှိသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Htar Htar Wai

က္က