စံ (၅)ချက်နဲ့ အညီ လွတ်လပ်ပြီးတရားမျှတစွာကျင်းပနိုင်ဖို့ တာဝန်ပျက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၁၉) ခုက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်စာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်တွေကို ကျော်လွန်လုပ်ဆောင်ကာ ဥပဒေက ပေးအပ်ထားတဲ့ တာဝန်တွေပျက်ကွက်နေလို့ဆိုပြီး အရေးယူပေးဖို့ တောင်းဆိုအိတ်ဖွင့်ပေးစာကို ဒီကနေ့ နိုဝင်ဘာ (၂၅) ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။



ကော်မရှင်ရဲ့ မျှတမှုမရှိတဲ့ ဆောင်ရွက်မှုတွေကြောင့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေအပါအဝင် နိုင်ငံသားတိုင်းတန်းတူညီမျှ၊ လွတ်လပ်မှု၊ တရားမျှတမှုအခွင့်အရေးတွေ များစွာ ဆုံးရှုံးနစ်နာနေရကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် အဟန့်အတားဖြစ်စေကြောင်း၊ အာဏာနဲ့ ဖုံးအုပ်ထားတဲ့ မသမာမှု၊ တရားမဲ့မှုတွေကို စိစစ်ဖော်ထုတ်ဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးရေးကို နိုင်ငံရေးပါတီ (၁၆) ခုက တောင်းဆိုခဲ့ပေမယ့် ဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း တောင်းဆိုအိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ- နိုဝင်ဘာ (၂၂) ရက် မြဝတီပြည်ခိုင်ဖြိုးရုံးရှေ့မှာ ဆန္ဒပြနေစဉ်။

(၂၀၂၀) ရွေးကောက်ပွဲမှာ မလိုလားအပ်တဲ့ တရားမဲ့ပြုကျင့်မှုတွေ အများအပြားဖြစ်ပေါ်ခဲ့တာကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့၊သမာသမတ်ကျတဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ်လို့ မရနိုင်တဲ့ အခြေအနေဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ကော်မရှင်အနေနဲ့ ကွပ်ကဲကြီးကြပ်မှု အားနည်းချက်တွေကြောင့် မဲစာရင်းပြုစုဖြန့်ဝေမှုကို စောင့်ကြည့်ခွင့်မပြုတာ၊ ပွင့်လင်းမြင်သာစွာ စစ်ဆေးပြင်ဆင်ခွင့်မရတာ၊ အချိန်မီထုတ်ပြန်ဖို့ ပျက်ကွက်တာကြောင့် ယုံကြည်ဖွယ်မဲစာရင်းမဖြစ်တော့ဘဲ မဲရုံကိုယ်စားလှယ်တွေ စောင့်ကြည့်စစ်ဆေးဖို့ ခက်ခဲစေခဲ့တယ်လို့ အဆိုပါ အိတ်ဖွင့်ပေးစာမှာရေးသားထားတာပါ။

ကြိုတင်မဲကောက်ယူတာ၊ သယ်ယူပို့ဆောင်တာ၊ထိန်းသိမ်းတာ၊ ခိုင်လုံမဲ၊ပယ်မဲသတ်မှတ်တာတွေကလည်း ခိုင်မာတိကျတဲ့ မူဝါဒမရှိတာ၊ မဲလက်မှတ်ရိုက်နှိပ်တာတွေကိုလည်း စောင့်ကြည့်လေ့လာခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။ အသက်(၆၀)ကြိုတင်မဲ၊ ပြည်ပရောက်နဲ့ ပြည်တွင်းရွှေ့ပြောင်းကြိုတင်မဲတွေမှာလည်း တိကျမှုမရှိတဲ့လုပ်ထုံးလုပ်နည်း၊ အရေအတွက် မတိကျတဲ့ အပိုမဲတွေကို စိစစ်နိုင်ခြင်းမရှိတာ၊ ပြုပြင်ဖန်တီးထားတဲ့ အဆုံးအဖြတ်ပမာဏကို ဖြစ်စေတယ်လို့လည်းပြောပါတယ်။

ဒါ့အပြင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ တစ်ပြေးညီဆောင်ရွက်ခွင့်မရတာ၊ ထောက်ခံစာနဲ့ မဲပေးခွင့်ပြုတာကြောင့် မဲပေးခွင့်ရှိသူ ဟုတ်/မဟုတ်၊ အသက် ပြည့်/မပြည့် ချက်ချင်းစစ်ဆေးကန့်ကွက်ခွင့်တွေ မရခဲ့ဘူးလို့လည်း သိရပါတယ်။ ရွေးကောက်ပွဲနဲ့ချိန်ပြီး နိုင်ငံဘဏ္ဍာနဲ့ ထောက်ပံ့ကြေးပေးတာကိုလည်း မဲဆွယ်စည်းရုံးမှုနဲ့ တွဲစပ်ဆောင်ရွက်တာတွေကလည်း မဲဆန္ဒနယ်အနှံ့အပြားမှာဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

(၂၀၂၀) ပါတီစုံအထွေထွေရွေးကောက်ပွဲကို စံ (၅)ချက်နဲ့ အညီ လွတ်လပ်ပြီးတရားမျှတစွာကျင်းပနိုင်ဖို့ တာဝန်ပျက်ကွက်ခဲ့တဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ပျက်ကွက်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို သမ္မတရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်အရ ဥပဒေနဲ့ အညီ ဆောလျင်စွာ စုံစမ်းစစ်ဆေးအရေးယူပေးဖို့ လေးစားစွာ အသိပေးတိုင်ကြားအပ်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ တောင်းဆို အိတ်ဖွင့်ပေးစာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊အမျိုးသားဒီမိုကရက်တစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ၊ခေတ်သစ်ပြည်ထောင်စုပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ပြည်သူ့အင်အားပါတီ၊အခြေခံလူတန်းစာဘဝမြင့်မာရေးပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ မြိုတိုင်းရင်းသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက်ဒီမိုကရက်တစ်ပါတီတို့က သမ္မတထံတောင်းဆိုပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က